Pages

Wednesday, June 19, 2019

အီဂျစ်သမ္မတဟောင်း မော်စီ သေဆုံးမှု လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးရန် AI အဖွဲ့ တိုက်တွန်း

အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ တရားခွင်မှာ သေဆုံးမှုကို ဘက်မလိုက်ပဲ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International-AI) က အီဂျစ်အာဏာပိုင်တွေကို ဇွန်လ ၁၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အသက် ၆၇ နှစ်အရွယ် အစ္စလာမ္မစ် သမ္မတဟောင်း မော်စီဟာ သူလျှိုမှုစွဲချက်နဲ့ ကိုင်ရိုမြို့တော်က တရားရုံးမှာ အမှုကြားနာနေရင်းတန်းလန်း နှလုံးရပ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။



မော်စီရခဲ့တဲ့ ဆေးဘက်စောင့်ရှောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ တလွဲပြုစုကုသမှုအတွက် တာဝန်ရှိသူကို တွေ့ခဲ့ရင် တာဝန်ခံခိုင်းဖို့လည်း AI အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကရေးရာ ဒုညွှန်မှူး မက်ဒါလေနာ မူဂရာဘီက ဆော်သြပါတယ်။

မော်စီဟာ ဆီးချိုနဲ့ သွေးတိုးရောဂါတွေကို ခံစားနေရပြီး အကျဉ်းချခံထားရချိန်မှာ ဆေးကုသမှု မခံယူခဲ့ရဘူးလို့ မီဒီယာတချို့က ဖော်ပြပါတယ်။

ဒါပေမယ့် သူဟာ ကိုင်ရိုမြို့ရဲဆေးရုံနဲ့ ပုဂ္ဂလိက ဆေးရုံတရုံမှာ ဆေးကုသမှု ခံယူခဲ့တယ်လို့ သတင်းရင်းမြစ်တရပ်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

အီဂျစ်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ပထမဆုံး ဒီမိုကရေစီနည်းကျ လူထုရွေးကောက်ခံ သမ္မတ ဖြစ်ခဲ့သူ မော်စီဟာ ၂၀၁၃ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း ဖြုတ်ချတာ ခံခဲ့ရပြီးကတည်းက ထောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။

သူ့အလောင်းကို ကိုင်ရိုမြို့မှာ အင်္ဂါနေ့ မြှုပ်နှံမှာပါ။ မော်စီခေါင်းဆောင်ပြီး လောလောဆယ် တားမြစ်ပိတ်ပင်ခံထားရတဲ့ မွတ်စလင်ညီနောင်များအုပ်စုက တခြားခေါင်းဆောင်တွေရဲ့ အုတ်ဂူတွေနားမှာ သူ့အလောင်းကို ဂူသွင်းမှာပါ။

ပါကစ္စတန်နိုင်ငံအတွင်းက မွတ်စလင်ပါတီ ဂျမတ် အီ အစ္စလာမီကို ထောက်ခံသူတွေနဲ့ တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာဟာ မော်စီရဲ့ ဈာပနအတွက် ဆုတောင်းပွဲကို ဇွန်လ ၁၈ ရက်က ကျင်းပခဲ့ကြပါတယ်။

No comments:

Post a Comment