Pages

Friday, June 28, 2019

ရခိုင်ပြည်နယ်အတွက် ဘတ်ဂျက်ခွဲဝေမှုလျှော့ချခြင်းသည် ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်လား၊ အဖြစ်ခံမည်လားဟု မေးခွန်းထုတ်စရာဖြစ်နေ

ရခိုင်ပြည်နယ်အတွက် ၂၀၁၉-၂၀၂၀ ဘတ်ဂျက် အား လျော့ချထားခြင်း သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်လား၊ အဖြစ်ခံမည်လားဟု မေးခွန်းထုတ် စရာဖြစ်နေကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဇွန်လ ၂၇ ရက်တွင်ပြောသည်။ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး နောက်ဆုံးနေ့၌ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။



ဘတ်ဂျက်ခွဲဝေရာ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည် နယ်မြောက်ပိုင်း တွင် တိုက်ပွဲများကြောင့် မငြိမ်မသက်များ ဖြစ်ပေါ်လျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဘတ်ဂျက်ခွဲဝေမှုကို လျှော့ချထားခဲ့ ရသည်ဟု အကြောင်းပြချက်ပေးလာသည်ကို တွေ့ရကြောင်း၊ ယခုဘတ်ဂျက်သည် ၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်လား၊ အဖြစ်ခံမည်လားဟု မေးခွန်း ထုတ်စရာဖြစ်နေသည်။

ယခုဖြစ်နေသော တိုက်ပွဲသည် တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်သည့်အတွက် အဆင်ပြေပါက ခဏတွင်း ဆွေးနွေးလိုက်သည်နှင့် ပြီးပြတ်သွားနိုင်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ မည်သူမျှပြော၍လည်းမရကြောင်း၊ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် အကြောင်းပြချက်ဖြင့် ဘတ်ဂျက် ခွဲဝေမှုလျှော့ချထားခြင်းသည် သဘာဝမကျကြောင်း၊ ဦးစံကျော်လှကပြောသည်။

ယခုဘတ်ဂျက် လျာထားချက်ကို လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်နှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့ရမည်ဖြစ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်၏အကြံပြုချက်များကို အလေးအနက်ထားဆောင်ရွက်ပေးစေလိုကြောင်း သို့မဟုတ်ပါက ဥပဒေကြမ်းဆွေးနွေးရာတွင် အနှောက်အယှက်များဖြစ်လာနိုင်ကြောင်း လွှတ်တော်မှ ဖြတ်တောက်သင့်ပါက လည်း ဖြတ်တောက်သွား ရမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တက်ရောက်သူ မည်သူမှမရှိသော်လည်း လွှတ်တော်၏အကြံပြု ချက်များကို အလေးအနက်ထားပေးပါ ဟု အစိုးရအဖွဲ့အား တိုက်တွန်းလိုကြောင်းဖြင့် နိဂုံးချုပ် အမှာစကားပြောကြား ရာတွင် ဘတ်ဂျက်ခွဲဝေမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောကြားခဲ့သည်။

No comments:

Post a Comment