Pages

Thursday, June 27, 2019

အညာဒေသ မိုးကောင်းနိုင်

ဘင်္ဂလားပင်လယ်အော်တွင် လာမည့်သီတင်းပတ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး အညာဒေသတွင် မိုးကောင်းနိုင်ဖွယ်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ လာမည့်ဇွန်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ရာ ယင်းအရှိန်ကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးအားပိုလာနိုင်ပြီး ဇူလိုင်လပထမ ၁၀ ရက်ပတ်အတွင်း မိုးရေချိန်သုံးလက်မမှ ခုနစ်လက်မအထိ ရွာသွန်းနိုင်ကြောင်း ၎င်းက ပြောဆိုသည်။



“မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင် ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ မုတ်သုံလေအားကောင်းတဲ့အချိန်ဖြစ်လို့ ပင်လယ်ပြင် မိုးလေဝသ၊ လေကြောင်းမိုးလေဝသအခြေအနေတွေ ဆိုးရွားတတ်တယ်”ဟု ဦးကျော်လွင်ဦးက ဆိုသည်။

ထို့ပြင်မုတ်သုံလေအားကောင်းလာခြင်းကြောင့် ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် နောက်သုံးရက်အတွင်း မိုးအားပိုလာနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အတွင်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်သဖြင့် မြစ်ရေ၊ ချောင်းရေများမြင့်တက်လာနိုင်ကြောင်း၊ ယင်းကြောင့်မြေနိမ့်ဒေသများရေကြီးရေလျှံမှုအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင်များက ပြောကြားသည်။

ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ကချင်ပြည်နယ်၊ ဆဒုံးမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့်အပြင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

No comments:

Post a Comment