Pages

Wednesday, June 12, 2019

ရာဇဝတ်သားလွှဲပြောင်းရေးဥပဒေ အတည်ပြုရန် ဆက်လုပ်မည်ဟု ဟောင်ကောင်အကြီးအကဲ ပြော

ရာဇဝတ်သားလွှဲပြောင်းရေး ဥပဒေကို အကြီးအကျယ် ဆန့်ကျင် ဆန္ဒပြနေပေမယ့် အတည်ပြုဖို့ ဆက်လုပ်သွားမယ်လို့ ဟောင်ကောင်အကြီးအကဲက ပြောလိုက်သလို ဟောင်ကောင်ရဲတွေကလည်း ဆန္ဒပြသူတွေကို ဆက်ပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ ဆိုပါတယ်။ေ ဟာင်ကောင်အကြီးအကဲ ကယ်ရီလမ်းက တရုတ်ပြည်မကြီးဆီ သံသယရှိသူတွေကို လွှဲပြောင်း တရားစီရင်တာကို ခွင့်ပြုမယ့် ဥပဒေတွေကို ပြင်ဆင်ဖြည့်စွက်တာ ဆက်လုပ်သွားမယ်လို့ ဇွန်လ ၁၀ ရက်မှာ ကတိပြုလိုက်ပါတယ်။



ဒီဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့ တနင်္ဂနွေ ဆန္ဒပြပွဲဟာ ဟောင်ကောင်က ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီးလက်ထဲ ပြန်ရောက်ခဲ့တဲ့ ၁၉၉၇ နောက်ပိုင်းမှာ အကြီးဆုံးဆန္ဒပြပွဲ ဖြစ်ခဲ့တာပါ။

ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်းက “ဒီဥပဒေမူကြမ်းက တရုတ်ပြည်မကြီး တခုတည်းနဲ့ ဆိုင်တာမဟုတ်ဘူး။ ပြည်မကြီးအစိုးရက ကမ်းလှမ်းတာလည်း မဟုတ်ဘူး။ တရုတ်အစိုးရဆီက ဘယ်လိုညွှန်ကြားချက် အမိန့်အာဏာမှ မရထားဘူး” လို့ ပြောပါတယ်။

ဟောင်ကောင်ကနေ ပြန်လိုချင်တဲ့ တရုတ်ပြည်မကြီးက ရာဇဝတ်သား အယောက် ၃၀၀ လောက်ကို တရုတ်အစိုးရက စာရင်းပြုစုထားပြီးပြီလို့ တရုတ်ပြည်မကြီး အငြိမ်းစား အကြီးတန်း လုံခြုံရေးအရာရှိတယောက်က မတ်လမှာ ပြောပါတယ်။

“ကျမတို့ဟာ ဥပဒေချိုးဖောက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူနေတယ်။ ဟောင်ကောင်ဟာ အင်မတန် ဥပဒေလိုက်နာတဲ့ လူ့အဖွဲ့အစည်းပါ။ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို လေးစားကျင့်သုံးသလို ပြည်သူတိုင်းက ဥပဒေကို လိုက်နာဖို့လည်း မျှော်လင့်တယ်” လို့လည်း ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်းက ဆက်ပြောပါတယ်။

ကယ်ရီလမ်းကတော့ ဒီဥပဒေမူကြမ်းကို တရုတ်ပြည်မကြီး လိုလားသူ အများစု ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ စီစဉ်ထားတဲ့အတိုင်း ဗုဒ္ဓဟူးနေ့မှာ စကားရည်လုမယ်လို့ ပြောပါတယ်။

အဆိုပြုထားတဲ့ဥပဒေ ပြင်ဆင် ဖြည့်စွက်ချက်ထဲမှာ တရုတ်ပြည်မကြီး အပါအဝင် နိုင်ငံတွေဆီကို အမှုတမှုချင်းအပေါ် မူတည်ပြီး သံသယရှိသူကို တရားစီရင်နိုင်ရေး လွှဲပေးဖို့ စီစဉ်ထားပါတယ်။

ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်၊ ဥပဒေမူကြမ်းဟာ ဟောင်ကောင်ကရထားတဲ့ တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒကို ဘေးဖြစ်စေလိမ့်မယ်လို့ အမေရိကန် အစိုးရက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

တရုတ်အစိုးရကလည်း ဒီအရေးဟာ တရုတ်ပြည်တွင်းရေးဖြစ်ပြီး အမေရိကန်က ဝင်မစွက်ဖို့ တောင်းဆိုတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်းက ဇွန်လ ၁၁ ရက်မှာ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment