Pages

Monday, June 10, 2019

ပေါ်တူဂီက နယ်သာလန်ကို အနိုင်ယူပြီး နေးရှင်းလိဂ်ဖလား ဆွတ်ခူး

နေးရှင်းလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနဲ့ နယ်သာလန်တို့ မနေ့ကယှဉ်ပြိုင်ရာ ပေါ်တူဂီက တလုံးတည်းသောဂိုးနဲ့ အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။ အိမ်ရှင် ပေါ်တူဂီအသင်းမှာ တိုက်စစ်မှူး ရော်နယ်ဒို၊ ဘာနာဒိုဆေးလ်ဗား၊ ကာဗယ်လ်ဟို၊ ဒန်နီလို၊ ဂူဒက်စ် စတဲ့ အဓိက ကစားသမားတွေ ပါဝင်ခဲ့သလို နယ်သာလန်အသင်းမှာလည်း ဘာဘယ်လ်၊ ဒီပေး၊ ဝစ်ခ်ျနယ်လ်ဒန်၊ ဒီဂျောင်၊ ဘလိုင်း၊ ဗန်ဒိုက်၊ ဒီလစ် စတဲ့ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာပါ။


ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဆွစ်ဇာလန်ကို ကျော်ဖြတ်လာခဲ့သလို နယ်သာလန်အသင်းကလည်း နာမည်ကြီး အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်လှမ်းလာတာ ဖြစ်ပါတယ်။

ဒီပွဲမှာ အိမ်ရှင် ပေါ်တူဂီအသင်း ဘောလုံးပိုင်ဆိုင်မှု အသာမရပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြတ် အသာရခဲ့ပါတယ်။

ပွဲချိန် ပထမပိုင်းမှာ အိမ်ရှင် ပေါ်တူဂီအသင်း ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ မသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့ပါတယ်။

ပေါ်တူဂီအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၆၀ မှာ ဘာနာဒိုဆေးလ်ဗားရဲ့ ပေးပို့မှုကတဆင့် တိုက်စစ်မှူး ဂူဒက်စ်က အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။

ဒီ့နောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုဖလားကို ပေါ်တူဂီအသင်းက သိမ်းပိုက်သွားပါတယ်။

No comments:

Post a Comment