Pages

Wednesday, June 12, 2019

ကျား/မ နှစ်မျိုးထက် ပိုများမြောင်တဲ့ လိင်ဖြစ်တည်၊ ခံယူမှုတွေဟာ သဘာဝနဲ့မညီကြောင်း ဗာတီကန်သာသနာပိုင်များ ရှုံ့ချ

လိင်ဖြစ်တည်မှုကို မိမိတို့အလိုကျ ခံယူ၊ သတ်မှတ်ပိုင်ခွင့်ရှိသည်ဆိုတဲ့ ခေတ်ပေါ် လိင်ဖြစ်တည်မှုသီအိုရီဟာ သဘာဝနဲ့ဖီလာဆန့်ကျင်နေကြောင်း ဗာတီကန် ကက်သလစ်သာသနာပိုင်အဖွဲ့က ဇွန် ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့တဲ့ စာတမ်းငယ်မှာ ရှုံ့ချလိုက်ပါတယ်။ LGBT ပုဂ္ဂိုလ်တွေဟာ လူတွေရဲ့လိင်ဖြစ်တည်မှုမှာ ကျား/မ နှစ်မျိုးတည်းအပြင် ရှုပ်ထွေး၊ ပြောင်းလွယ်ပြုလွယ်ဖြစ်တဲ့ လိင်ဖြစ်တည်မှုအမျိုးအစားတွေ ရှိနေကြောင်းကို လူအများ လက်ခံလာစေရန် အသိပညာပေး၊ အရေးဆိုနေကြပါတယ်။



အဆိုပါ သီအိုရီအသစ်နဲ့ စပ်လျဉ်းပြီး ကက်သလစ်သာသနာ့ဝန်ထမ်းတွေ ထားရှိရမယ့် သဘောထားနဲ့ကျင့်ထုံးများအကြောင်းကို ဗာတီကန် ကက်သလစ်ပညာရေးအဖွဲ့က “ယောင်္ကျားနှင့်မိန်းမဟူ၍ ဘုရားသခင်ဖန်ဆင်းတော်မူသည်”အမည်ရှိ စာအုပ်ငယ်အသစ်ဖြင့် လမ်းညွှန်ချက် ချပေးလိုက်ပါတယ်။

“လိင်ဖြစ်တည်မှုသီအိုရီဟာ စိတ်ခံစားချက်နဲ့လိုချင်တပ်မက်မှုတွေ ၊ ခံစားချက်လှုံ့ဆော်မှုကြောင့်ဖြစ်ရတဲ့ ရေတိုဆန္ဒတွေကြားမှာ မောဟဖုံး၊ အခြေတည်ထားခြင်းမျှသာဖြစ်ပြီး အမှန်တရားနဲ့ ဖီလာဆန့်ကျင်နေသည်”ဟု ၄င်းလမ်းညွှန်ချက်မှာ ဖော်ပြထားပါတယ်။LGBT အခွင့်အရေးအတွက် အရေးဆိုလှုပ်ရှားနေသူတွေကတော့ ဗာတီကန်သာသနာပိုင်အဖွဲ့ရဲ့ လမ်းညွှန်ချက်ဟာ အန္တရာယ်ကြီးပြီး အမုန်းတရားနဲ့တယူသန်မှုကို လှုံ့ဆော်တွန်းအားပေးရာရောက်ကြောင်း ရှုံ့ချနေကြပါတယ်။

ကက်သလစ် LGBT များအား အသင်းတော်မှ အသိအမှတ်ပြု လက်ခံရေးအတွက် လှုပ်ရှားနေတဲ့ New Ways Ministry အဖွဲ့ဆိုလျှင် ဗာတီကန်ရဲ့လမ်းညွှန်ချက်ကြောင့် LGBT တွေအပေါ် အကြမ်းဖက်မှုနဲ့ ခွဲခြားစွန့်ပစ်မှုတွေအထိ ဖြစ်စေလာနိုင်ကြောင်း ဝေဖန်ခဲ့ပါတယ်။

အထင်ကရ ဂျာဆူအစ်ဘုန်းကြီးတစ်ပါးဖြစ်သူ ဖာသာ ဂျိမ်းစ်မာတင်ကလည်း ၄င်းလမ်းညွှန်ချက်မှာ ဒဿနသမားနဲ့ဓမ္မပညာရှင်တွေရဲ့ ပြောကြားချက်တွေ ပါဝင်နေပေမဲ့ သိပ္ပံပညာရှင် ၊ ဇီဝဗေဒပညာရှင် ၊ စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်တွေကျ မပါဘူးဟု ဝေဖန်ခဲ့ပါတယ်။

စာမျက်နှာ ၃၀ ပါ ၄င်းစာအုပ်ငယ်လေးကို လက်ရှိပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လက်မှတ်ထိုး ၊ ထုတ်ဝေခွင့်ပြုထားတာ မဟုတ်ပေမဲ့ ၄င်းမှာ ဖရန်စစ်အပြင် ယခင်ပုပ်ရဟန်းမင်းကြီးတွေရဲ့ ဟောကြားချက်တွေကို ထုတ်နှုတ်ကိုးကားထားပါတယ်။

No comments:

Post a Comment