Pages

Friday, June 14, 2019

ဂျာမနီရှိ အမေရိကန်စစ်သား ၂၀၀၀ ကို ပိုလန်သို့ပို့ရန် စဉ်းစားနေဟု ထရမ့်ပြော

ဂျာမနီနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်သား ၂ ထောင်ကို ပိုလန်နိုင်ငံကိုပို့ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။ အမေရိကန်နိုင်ငံကို ရောက်လာတဲ့ ပိုလန်သမ္မတ အန်ဒရီဇ် ဒူဒါကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံချိန် ထရမ့်က အခုလို ပြောလိုက်တာပါ။ ဒါဟာ ရုရှားရဲ့ ရန်လိုကျူးကျော်နိုင်တဲ့ အလားအလာတွေကို ဟန့်တားဖို့ ပိုလန်ရဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။



ရုရှားဟာ ၂၀၁၄ ခုနှစ်က ပိုလန်နိုင်ငံအရှေ့ဘက် အိမ်နီးချင်း ယူကရိန်းနိုင်ငံဆီကနေ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။

ခရိုင်းမီးယားဒေသကို ကျူးကျော်တဲ့ ရုရှားရဲ့လုပ်ရပ်ကို တုံ့ပြန်ဖို့ နေတိုးအဖွဲ့နဲ့ ၂၀၁၆ သဘောတူညီချက်အရ အမေရိကန်ဟာ ပိုလန်နိုင်ငံကို စစ်သားတွေ စေလွှတ်ထားပြီးသားပါ။

ဂျာမနီနိုင်ငံမှာ အမေရိကန်စစ်သား အရေအတွက် ၅ သောင်းအထိ နေရာချထားပြီး အဲဒီထဲက စစ်သား ၂ ထောင်ကို ပိုလန်ကိုစေလွှတ်ဖို့ စဉ်းစားထားတယ်လို့ ထရမ့်က ပြောပါတယ်။

ထရမ့်က ပိုလန်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ စဉ်းစားထားတယ်လို့ ပြောပေမယ့် အချိန်ကာလ အတိအကျကိုတော့ မပြောခဲ့ပါဘူး။

ရုရှားရဲ့ Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို အရေးယူပိတ်ဆို့ဖို့ သုံးသပ်နေတယ်လို့ ထရမ့်က ဇွန်လ ၁၂ ရက်နေ့မှာ ပြောခဲ့ပြီး စွမ်းအင်အတွက် ရုရှားကို မမှီခိုဖို့ ဂျာမနီကိုလည်း သတိပေးခဲ့ပါတယ်။

No comments:

Post a Comment