Pages

Friday, June 7, 2019

မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၆ဝ ကျော် ဖမ်းဆီးထားကြောင်း မလေးရှား လဝက ထုတ်ပြန်

မေလကုန်မှ ဇွန် ၃ ရက်အထိ တရားမဝင်လုပ်သား အဖမ်းအဆီးတွင် မြန်မာ လုပ်သားအပါအဝင် နိုင်ငံခြားသား ၆ဝ ကျော် ဖမ်းဆီးထားကြောင်း မလေးရှားလဝကမှထုတ်ပြန်ထားသည်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ပြုလုပ်နေသည့် အဆိုပါစီမံချက်တွင် မလေးရှားရဲတပ်ဖွဲ့နှင့် မလေးရှား လဝကအဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မလေးရှားလဝက ထုတ်ပြန်ချက်အရ ဇွန် ၅ ရက်ကသိရသည်။ ဖမ်းဆီးရမိသည့် တရားမဝင် နိုင်ငံခြားသားလုပ်သား ၆ဝ ကျော်တွင် မြန်မာ ၁၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၄ ဦး၊ အိန္ဒိယကိုးဦး၊ ထိုင်းခြောက်ဦးနှင့် ပါကစ္စတန် လေးဦးအပြင် ဗီယက်နမ်၊ နီပေါနှင့် လာအိုနိုင်ငံသားတစ်ဦးစီပါဝင်ပြီး ဖမ်းဆီးရ မိသူများသည် ဗီဇာရက်ကျော်လွန်သူများနှင့် တရားဝင်အထောက်အထား မရှိသူများဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။



''အဖမ်းအဆီးက အမြဲရှိတာပါ။ အထူးသဖြင့် အလုပ်ပိတ်ရက် တနင်္ဂနွေလိုနေ့မျိုးတွေဆို ပိုဖမ်းတယ်။ အဖမ်းခံရရင် ဘယ်လို ပြစ်ဒဏ်တွေရှိလည်းဆိုတော့ ပိုက်ဆံပေးနိုင်ရင်တော့ ပြန်လွှတ်တာပေါ့။ မပေးနိုင်ရင် ဖမ်းမိတဲ့ ပြစ်မှုအမျိုးအစားပေါ်မူတည်ပြီး တော့ ထောင်ကျတယ်။ ထောင်က လွတ်ရင် နိုင်ငံခြားသားထိန်းသိမ်း ရေးစခန်းတွေကိုပို့တယ်''ဟု ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင် နေသူ ကိုကျော်စိုးလင်းကဆိုသည်။ ဖမ်းဆီးခံရသဖြင့် ပြစ်ဒဏ် ကျခံပြီး နိုင်ငံခြားသားထိန်းသိမ်း ရေးစခန်းသို့ ရောက်ရှိသွားသည့် မြန်မာနိုင်ငံသားများကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ နိုင်ငံသားဟုတ်၊ မဟုတ် လာရောက် စစ်ဆေး၍ CI ပေးပြီးပါက မလေး ရှားလဝကထံ ဒဏ်ကြေးဆောင်၍ မြန်မာနိုင်ငံသို့ ပြန်လာရခြင်းဖြစ် ကြောင်း ၎င်းင်းက ဆိုသည်။

မလေးရှားနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသားလုပ်သား ဖမ်းဆီးမှုများကို စီမံချက်ဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး Outsourcing work permit (အေးဂျင့်ကန်ထ ရိုက်က သူဌေးအဖြစ် အမည်ခံ ပေးထားသည့် အလုပ်လုပ်ကိုင် ခွင့်စနစ်) စနစ်ကို မတ်လကုန်မှ စ၍ ဖျက်သိမ်းပြီဖြစ်ကြောင်း ကြေညာထားသည့်အတွက် နေရပ် ပြန်ကြရန်နှင့် ယခုနှစ်မတ်လမှစ၍ တရားမဝင် နိုင်ငံခြားသားလုပ် သားများကို ပိုမိုတင်းကျပ်စွာဖမ်းဆီးသွားမည်ဖြစ်ကြောင်း ကြေညာထားခြင်း ဖြစ်သည်။ ယင်းမတိုင်မီ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီမှမတ်လ ၁၅ ရက်အထိ မလေးရှားတစ်နိုင်ငံလုံးတွင် လဝက အော်ပရာစီ (တရားမဝင်နိုင်ငံခြား သားလုပ်သားဖမ်းဆီးမှု) စစ်ဆင် ရေးပေါင်း ၃၈၄၄ ကြိမ်ပြုလုပ်ခဲ့ရာ တရားမဝင် မြန်မာ (၁၁၉၁) ဦး ဖမ်းဆီးရမိထားကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက ကြေညာခဲ့သည်။

No comments:

Post a Comment