Pages

Wednesday, June 12, 2019

အင်တာနက် မသုံးနိုင်သေးသည့် ကမ္ဘာ့လူသား ထက်ဝက်ခန့်အတွက် ဒေါ်လာ ၂၀ တန်ဖုန်းများဖြင့် ကူညီနိုင်ဖွယ်ရှိ

ဒစ်ဂျစ်တယ်နည်းပညာများနှင့် အလှမ်းဝေးနေသေးသည့် ကမ္ဘာ့လူသား ထက်ဝက်ခန့်ကို ဒစ်ဂျစ်တယ်ကမ္ဘာတွင်းသို့ ဝင်ပေါက်ပေးနိုင်ရန်အတွက် ဒေါ်လာ ၂၀ ဝန်းကျင်ဖြင့် ရနိုင်မည့် စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် ဖြေရှင်းနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂ အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ပြောကြားသည်။ ကုလသမဂ္ဂ ဒစ်ဂျစ်တယ်ကွာဟမှု လျှော့ချရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဂူဂဲ ဒုဥက္ကဋ္ဌ ဗင်တန် ဆာ့ဖ်က ဒစ်ဂျစ်တယ်ကွာဟမှု လျှော့ချရေးအတွက် ငွေကြေးများစွာ ကုန်ကျမခံဘဲ မဖြစ်နိုင်ကြောင်း၊ ဖုန်းများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုကိရိယာများ ဈေးမလျော့ကျဘဲ ကမ္ဘာ့လူသား သန်း ၃၅၀ဝ သို့မဟုတ် သန်း ၄၅၀ဝ လောက်ကို ဒစ်ဂျစ်တယ်ကမ္ဘာထဲ ခေါ်ဆောင်ရေး အောင်မြင်ဖွယ်မရှိကြောင်း ပြောသည်။



ဖြေရှင်းရန် နည်းလမ်းကား ဒေါ်လာ ၂၀ ခန့်သာ ကျသင့်မည့် ဈေးချိုသော စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချရန်ဖြစ်သည်ဟု ၎င်းက အကြံပြုသည်။ ထိုဖုန်းများသည် ဒေါ်လာ ၁၀ဝ၀ တန်ဖုန်းများလို စွမ်းဆောင်နိုင်မည် မဟုတ်သော်လည်း အင်တာနက် အခြေခံဝန်ဆောင်မှုများ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆာ့ဖ်သည် ကုလသမဂ္ဂ ဒစ်ဂျစ်တယ်ကွာဟမှု လျှော့ချရေးအဖွဲ့ဝင် ၂၀ အနက် တစ်ဦးလည်းဖြစ်ပြီး ထိုအဖွဲ့ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က ၂၀၁၈ ဇူလိုင်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ် နည်းပညာများ အသုံးပြုကာ ကမ္ဘာ့လူသားများဘဝ သာယာဝပြောစေမည့် နည်းလမ်းများ ဖော်ဆောင်ရန်မှာ ထိုအဖွဲ့၏ အဓိက တာဝန်ဖြစ်သည်။ ထိုအဖွဲ့ကို ဘီလ်နှင့် မလင်ဒါဂိတ် ဖောင်ဒေးရှင်း ပူးတွဲထူထောင်သူ မလင်ဒါ ဂိတ်နှင့် တရုတ် အလီဘာဘာ လုပ်ငန်းစု အကြီးအကဲ ဂျက်မား တို့ ဦးဆောင်သည်။

"ကျွန်တော်တို့ဟာ ဒစ်ဂျစ်တယ်ခေတ်သစ် အရုဏ်ဦးမှာ နေထိုင်ကြသူတွေပဲ။ ပုဂ္ဂလိက၊ အစိုးရ၊ နိုင်ငံသား၊ ပညာရေး အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတွေအားလုံး ကမ္ဘာလုံးချီ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရာ နည်းပညာကို မဖြစ်မနေ လိုအပ်တယ်။ ဒီလို နည်းပညာ အခြေခံ ပူးပေါင်းဆောင်ရွက်ကြမှသာ ပိုကြွယ်ဝလာ၊ အခွင့်အလမ်းတွေ ပိုပွင့်လင်းလာ၊ ယုံကြည်မှုတွေ ပိုတိုးပွားလာမှာဖြစ်တယ်" ဟု ဂျက်မားက ပြောသည်။

No comments:

Post a Comment