Pages

Monday, June 17, 2019

မတူပီနှင့် တပ်လောင်းရွာအကြား ကားလမ်း မြေပြိုလမ်းပိတ်

ချင်းပြည်နယ်၊ မတူပီမြို့နှင့် တပ်လောင်းရွာအကြားရှိ ကားလမ်းမြေပြိုပြီးလမ်းပိတ်နေခြင်းကြောင့် ဒေသခံပြည်သူများ သွားလာရေး အခက်တွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မတူပီမြို့၏ အနောက်ဘက် မတူပီမြို့မှ အိန္ဒိယ-မြန်မာ နယ်စပ် ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အထိ ဆက်သွယ်သွားလာ၍ရသည့် ကားလမ်းသည် ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ တောင်ပြိုပြီး လမ်းပိတ်ခဲ့ခြင်းဖြစ်သည်။


ယင်းတောင်ပြိုလမ်းပိတ်သည့်နေရာမှာ မတူပီမြို့မှ ၆ မိုင်ခန့်အကွာ ဆိုင်ကယ်ဖြင့် နာရီဝက်ကြာစီးရသည့် ကောင်ဗာချောင်းအကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ကြာသည့် ဇွန်လ ၁၇ ရက်နေ့အထိ လမ်းရှင်းလင်းပေးခြင်း မရှိသေးသည့်အတွက် သွားလာရေးခက်ခဲနေရခြင်းဖြစ်ကြောင်း ဆလိုင်းဇာလျန်းက ပြောကြားသည်။

"ဆိုင်ကယ်ကို လူလေးငါးယောက်လောက်နဲ့ ဝိုင်းမပြီးမှပဲ အဆင်ပြေတယ်။ အဲဒါတောင်မှ အခုကနေပွင့်လာလို့ မိုးရွာလို့ရှိရင် မြေက အိကျပြီးတော့ အောက်ကချောင်းထဲကို ကျွံကျနိုင်တယ်။ အန္တရာယ်တော်တော်ရှိတယ်။ မနေ့ကပဲ ကျွန်တော် ရွာဆင်းတော့ လိုင်လင်းပီဘက်က ဆေးရုံကို ပို့ရမယ့်လူရှိတော့ ဒီဘက်ကနေသွားပြီးတော့မှ ဆိုင်ကယ်ကိုထားခဲ့ပြီး လူနဲ့မပြီးမှ ဆိုင်ကယ်နဲ့ ဒီဘက်ကမ်းကနေ ပြန်ကြိုရတယ် အဲဒီလိုအခြေအနေတွေရှိတယ်" ဟု ၎င်းက ပြောဆိုသည်။

မတူပီမြို့၏ အနောက်ဘက် ယခုတောင်ပြိုလမ်းပိတ်နေသည့်လမ်းကို အမီပြုသွားလာနေရသည့် ကျေးရွာပေါင်း ၁၀၀ ခန့် ရှိပြီး လမ်းပိတ်ဆို့မှုကြောင့် ကားသွားလာမှုရပ်နားခဲ့ပြီး ဆိုင်ကယ်များဖြင့်သာ ခက်ခက်ခဲခဲသွားလာနေကြရခြင်းဖြစ်သည်။

No comments:

Post a Comment