Pages

Friday, June 14, 2019

လျှပ်စစ်ဘတ်စ်ကားများကို ယခုနှစ်အတွင်း စမ်းသပ်ပြေးဆွဲရန် စီစဉ်နေ

လျှပ်စစ်ဘတ်စ်ကားများကို ယခုနှစ်အတွင်း စမ်းသပ်ပြေးဆွဲ သွားရန် စီစဉ်နေပြီး City Bus များအပါအ၀င် လျှပ်စစ်ကား (၅)စီးကို ပြေးဆွဲသွားရန် သက်မှတ်ထားကြောင်း စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောသည်။ " ၄၅ ယောက်စီး City Bus တွေပါတယ်။ နမူနာ (၅)စီး ပြည်တွင်းကို သွင်းလာပြီးသွားရင် ဒီမှာ စမ်းပြီး မောင်းကြည့်မယ်။ စွမ်းဆောင်မှုက ဘယ်လောက်ရှိလဲ။ Capacity က ဘယ်လောက်ရှိမလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့ ပြည်တွင်းမှာ ကားတွေကို တပ်ဆင်ထုတ်လုပ်တာ နောက်တစ်ဆင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။



လက်ရှိ သာဂရစက်မှုနယ်မြေတွင် လျှပ်စစ် Bus များ ထုတ်လုပ်ရန်နှင့် Charging Station များ ပူးပေါင်းတည်ဆောက်ရန်အတွက် စက်မှုဝန်ကြီးဌာနနှင့် Green Power Myanamr ကုမ္ပဏီတို့ AoD (ဆွေးနွေးသဘောတူညီမှုစာလွှာ) လက်မှတ်ရေးထိုး ထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင်လည်း လျှပ်စစ်ကားများ၊ လျှပ်စစ်ဆိုင်ကယ်များကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး လျှပ်စစ်ဘတ်စ်ကားများ အသုံးပြုနိုင်ပါက စက်သုံးဆီ သုံးစွဲမှုနှင့် လေထုညစ်ညမ်းမှုကို လျော့ချနိုင်မည်ဟုဆိုသည်။

"ဟန်ဂေရီက ဟာကိုတော့ နမူနာအနေနဲ့ သွင်းလာပြီးလုပ်ပါမယ် ။ဒါကလဲ အကြိမ်ကြိမ် ဆွေးနွေးထားပြီးဖြစ်ပါတယ်။သို့သော်လဲ ကျွန်တော်တို့အနေနဲ့ အလေ့အကျင့် မရှိသေးဘူး။ အဲ့အတွက်ကို အခြေခံအဆောက်အအုံတွေ ၊ လိုအပ်တဲ့ အချက်အလက်တွေကို ရရှိဖို့ လိုသေးတယ်။အဲ့တာတွေကို အသိပညာပေးတာတွေ လုပ်ရမယ်။ လေ့ကျင့်သင်ကြား ပေးရမယ်။ ပေါ်လစီတော့ ချမှတ်ပြီးပြီ အဲ့ဟာကို တဖြေးဖြေးသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။

ဟန်ဂေရီနိုင်ငံအခြေစိုက် Csepel Holding Limited နှင့်အကျိုးတူဆောင်ရွက်သွားမည့် Green Power Myanmar Co., Ltd အနေဖြင့် ပြည်တွင်း၌ လျှပ်စစ် Bus ကား အစီးရေ (၇၀၀၀)ကျော်ခန့် ထုတ်လုပ်သွားရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

ပြည်တွင်း၌ လျှပ်စစ်ဘတ်စ်ကား တပ်တင်ထုတ်လုပ်ရာ တွင် လောင်စာဆီဖိုး သက်သာသောကြောင့်လျှပ်စစ်ဘတ်စ်ကားများအတွက် အရင်းကျေကာလ အဖြစ် (၃)နှစ်မှ (၅)နှစ်အထိ သက်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် အဆိုပါကားများကို ကီလိုမီတာ (၃၀၀)နှင့် အထက် မောင်းနှင်နိုင်မည်ဖြစ်ပြီး Charging Station များကိုလည်း ဘတ်စ်ကားများ ထုတ်လုပ်နေစဉ် ကာလအတွင်း အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဘတ်စ်ကားများကို ဟန်ဂေရီ နည်းပညာဖြင့် ယင်းနိုင်ငံမှ ကားအစိတ်အပိုင်းများ တင်သွင်း ထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်းမှာပင် ကားအစိတ်အပိုင်းများ ထုတ်လုပ်၍ ၇၀ ရာခိုင်နှုန်းကို ပြည်တွင်းထုတ် ကားများအဖြစ် တပ်ဆင်ရောင်းချမည် ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment