Pages

Sunday, June 16, 2019

ဇင်းကျိုက်ရေတံခွန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

မွန်ပြည်နယ် ပေါင် မြို့နယ် ဇင်းကျိုက်ရေတံခွန်တွင် ရေကစားသူအမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဇင်းကျိုက် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ရဲလင်းနောင်က ပြောသည်။ေ ပါင်မြို့နယ်နေ အသက် (၂၅)နှစ်အရွယ် ကိုသီဟမင်း(ခ)မိုးဒီသည် ဇင်းကျိုက်ရေတံခွန်ရှိ အကျယ် ပေ ၄၀၊ အနက် ငါးပေရှိ ရေကူးကန်အတွင်း ရေဆင်းကူးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။



ကိုသီဟမင်းသည် ရေထဲဆင်းပြီး မိနစ် ၂၀ ခန့်အကြာတွင် တစ်ပေပတ်လည်ခန့်ရှိ ရေထွက်ပေါက်ထဲသို့ ခြေချော်ကျပြီး ရေနစ်နေ၍  ပြန်လည်ဆွဲထုတ်ရာ ကုန်းပေါ်သို့ ရောက်သော်လည်း ပြင်ပဒဏ်ရာမရှိဘဲ သတိလစ်အနေအထားဖြင့် ပေါင်မြို့နယ် ပြည်သူ့ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ရေးသားထားသည်။

‘‘ရေတံခွန်နားက ဈေးဆိုင် တွေရှိတဲ့ နေရာဘေးမှာ လူကြီး၊ ကလေးအားလုံး အဆင်ပြေပြေ ကစားဖို့အတွက် ရေကူးကန်လုပ် ထားပေးတယ်။ ရေတံခွန်က ရေ တွေပဲ။ အဲဒီနေရာက ရေကူးလို့ အဆင်ပြေတယ်။ သေဆုံးတဲ့ ကောင်လေးက ရေကူးကန်ထဲမှာ မတော်တဆဖြစ်သွားတာ’’ ဟု ဇင်းကျိုက်မြို့ခံ ကိုမင်းခိုင်က ပြော သည်။ 

ကိုသီဟမင်း ရေနစ်သေဆုံး မှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် ပေါင်မြို့မရဲစခန်း တွင် သေမှုသေခင်းဖြင့် အမှုဖွင့် ထားကြောင်း ရဲအုပ်ရဲလင်းနောင် က ဆိုသည်။

‘‘အမှိုက်တွေ ဘာတွေ စုပ် ထုတ်တဲ့ တစ်ပေပတ်လည်ရှိတဲ့ မြောင်းထဲကို ခြေထောက်နှစ် ချောင်းလုံး သွားကျတာ။ ရေက တိမ်တိမ်လေးပဲ လူတစ်ရပ် လောက်ပဲရှိတယ်။ သူက အရက် မမူးဘူး။ အမှုမဲ့အမှတ်မဲ့ဖြစ်သွား တယ်’’ဟု ရဲအုပ်ရဲလင်းနောင်က ပြောသည်။

ပေါင်မြို့နယ်ရှိ ဇင်းကျိုက် ရေတံခွန်နှင့် ဆင်ရွာရေတံခွန်တို့၌ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် များတွင် ရေကစားသူများဖြင့် စည် ကားလေ့ရှိသည်။

ဇင်းကျိုက်ရေတံခွန်တွင် ရေကစားသူများ မတော်တဆမှု ကြောင့် နှစ်စဉ် လူသေဆုံးမှု ရှိခဲ့ပြီး ၂၀၁၅ တွင် ရှစ်ဦး၊ ၂၀၁၆ တွင် ကလေးတစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် ယခုနှစ် ဇွန်လ ၈ ရက်က ဆင်ရွာရေတံခွန်တွင် အမျိုး သားသုံးဦး ရေနစ်သေဆုံးခဲ့သည်။

No comments:

Post a Comment