Pages

Thursday, June 13, 2019

၂၀၁၉ ခုနှစ်၊ ၅ လတာအတွင်း YBS ယာဉ်အစီးရေ ၃၅၀ ကျော်ကို လိုင်စင်ပိတ်သိမ်းအရေးယူထား

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ မေလအတွင်း YBS ယာဉ်အစီးရေ ၃၅၀ ကျော်ကို လိုင်စင်ပိတ်သိမ်း အရေးယူထားကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ သတ်မှတ်ထားသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကိုဖောက်ဖျက်သည့် ယာဉ်အစီးရေ ၂၀၀၀ ကျော်ကို လိုင်စင်ပိတ်သိမ်းအရေးယူဆောင်ရွက်ရာ၌ အဆိုပါ YBS ယာဉ်အစီးရေ ၃၅၀ ကျော်ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။



“ လိုင်စင်ပိတ်သိမ်းအရေးယူတဲ့အမှုက (၁၈) မျိုးရှိတယ်။ အဲဒီထဲကအချက်တွေကို ဖောက်ဖျက်ရင် ချလံဖြတ်ပြီး လိုင်စင်ပိတ်သိမ်းအရေးယူတယ်။ အများဆုံးက မီးနီဖြတ်မောင်းတာ၊ အရှိန်ပြင်းမောင်းနှင်တာ၊ မရပ်ရနေရာမှာ ရပ်တာ၊ အဲဒီအမှုတွေက အများဆုံးပဲ။ အတတ်နိုင်ဆုံး စည်းကမ်းဖောက်ဖျက်မှုတွေ လျော့ကျသွားအောင် အသိပညာပေးတွေလည်း ဆက်တိုက်လုပ်နေတယ်”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့တွင်း၌ ပြေးဆွဲနေသည့် YBS ယာဉ်အစီးရေ ၆၀၀၀ ကျော်တွင် တစ်ဦးချင်းပိုင်ယာဉ်အစီးရေ ၁၀၀၀ ကျော် ရှိနေပြီး ကျန်ရှိနေသေးသည့် တစ်ဦးချင်းပိုင်ယာဉ်လိုင်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးထား၍ အများပိုင်ယာဉ်လိုင်းအဖြစ် ပြောင်းလဲရမည်ဟု ကြေညာထားကြောင်း သိရသည်။

“ စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်လိုင်းတွေကို အခုစာရင်းသေချာပြုစုနေပြီ။ သူတို့ကို YBS ၂ နှစ်ပြည့် အခမ်းအနားမှာ တရားဝင်ဘယ်လိုင်းကနေဆိုပြီးကြေညာသွားမယ်။ ပြီးရင် သူတို့ကို ပထမဦးဆုံးအကြိမ် သတိပေးမယ်။ ဒုတိယအကြိမ်သတိပေးမယ်။ နောက်ဆုံးအကြိမ် ထပ်ပြီးကျူးလွန်ရင် ယာဉ်လိုင်းကနေ ထုတ်ပယ်သွားမယ်။ ပုဂ္ဂလိကယာဉ်လိုင်းတွေက စည်းကမ်းဖောက်ဖျက်တာအများဆုံးပဲ”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

၂၀၁၈ ခုနှစ် တစ်နှစ်တာကာလအတွင်း စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်အစီးရေ ၂၀၀၀၀ ကျော်ကို အရေးယူခဲ့ကြောင်း သိရသည်။

No comments:

Post a Comment