Pages

Wednesday, July 10, 2019

Bangkok Airway လေကြောင်းလိုင်းမှ ပုဂံသို့တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းရန်တင်ပြမှုကိုခွင့်မပြုဟု ဆို

Bangkok Airway လေကြောင်းလိုင်းမှ ပုဂံသို့ တိုက်ရိုက်လေကြောင်းလိုင်းပျံသန်းရန် လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနသို့ တင်ပြထားသော်လည်း ခွင့်မပြုဟု အဆိုပါလေကြောင်းလိုင်းသို့ အကြောင်းပြန်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့ရှိ ဘာဘူးကွန်ဗင်းရှင်းစင်တာ၌ ၁၀ ရက်တာကျင်းပနေသော (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် ပုဂံသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး နောက်ပိုင်း Bangkok Airway လေကြောင်းလိုင်းမှ ဘန်ကောက်-ပုဂံ-ဘန်ကောက်ခရီးစဉ် ပျံသန်းရန် ပြီးခဲ့သည့်အပတ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



“ Bangkok Airway ကတော့ ပြီးခဲ့တဲ့တစ်ပါတ်က လာတင်ပြထားတယ်။ ဒါပေမယ့် ခွင့်မပြုဘူးလို့ အကြောင်းပြန်ထားတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းလေဆိပ်ဖြစ်နေလို့ပါ”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်တွင် ပုဂံဒေသခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ပုဂံနှင့် အန်ကောဝပ်သို့ စင်းလုံးလေယာဉ်ပျံသန်းရန် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားသော်လည်း တစ်ဖက်နိုင်ငံမှ စိတ်ဝင်စားမှုအားနည်းနေခြင်းကြောင့် စီမံကိန်းပျက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်အဝင်အထွက်များသည့် ညောင်ဦးလေဆိပ်ကိုအဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံအစိုးရမှ ဂျပန်ယန်းငွေ သန်း ၄၈၀၀ ကိုကူညီပေးသွားမည်ဖြစ်ပြီး ယင်းလေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်းအားလုံးနီးပါးဆင်းသက်ပြီး Air-Bus လေယာဉ်ကြီးများ ဆင်းသက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

No comments:

Post a Comment