Pages

Monday, July 1, 2019

အမျိုးသမီးသုံးပုံတစ်ပုံမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိခဲ့ကြောင်း ဖြေကြားခဲ့ဟု ဆို

မျိုးဆက်ပွားကျန်းမာရေးအသိပညာစစ်တမ်းအရ အမျိုးသမီးသုံးပုံတစ်ပုံ ၃၄ ရာခိုင်နှုန်းမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိခဲ့သည်ဟုဖြေကြားခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ KAP စစ်တမ်းတွေ့ရှိချက်များအရသိရသည်။ အဆိုပါစစ်တမ်းကို DKT International မှ ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“၂၀၁၇ ခုနှစ်မှာ ပထမဦးဆုံးအကြိမ်ကောက်ယူခဲ့တဲ့ KAP စစ်တမ်းကတော့ မြန်မာနိုင်ငံကအိမ်ထောင်ရှိသူ၊ အိမ်ထောင်မရှိသူအားလုံးရဲ့ လိင်မှုဆိုင်ရာအလေ့အထနဲ့ သဘောထားအမြင်တွေကိုလေ့လာဆန်းစစ်ခဲ့တာပါ။ အခုဒုတိယအကြိမ်မြောက် KAP စစ်တမ်းမှာတော့ အိမ်ထောင်မရှိသူတွေကိုအဓိကထားမေးမြန်းခဲ့ပြီး ကျွန်တော်တို့ရဲ့ စစ်တမ်းကနေသက်ဆိုင်ရာနယ်ပယ် အသီးသီးကတာဝန်ရှိသူတွေအတွက် အရေးတကြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေတဲ့ နေရာတစ်ချို့ကိုထင်ထင်ရှားရှား ပြသပေးသွားမှာ ဖြစ်ပါတယ်။
ပါဝင်ဖြေဆိုခဲ့သူ အများစုကအသက် (၁၄) နှစ်အရွယ်လောက်ကစပြီးမျိုးဆက်ပွားကျန်းမာရေးအသိပညာပေးဖို့ အရေးကြီးတယ်လို့ ထောက်ခံခဲ့ကြပေမယ့် (၂၆) ရာခိုင်နှုန်းကသာမျိုးဆက်ပွားကျန်းမာရေးအသိပညာပေးမှု ရရှိခဲ့တာတွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲပါဝင်ဖြေဆိုခဲ့သူအမျိုးသမီးတွေထဲကသုံးပုံတစ်ပုံ၊ (၃၄) ရာခိုင်နှုန်းလောက်ကလိင်မှုဆိုင်ရာအတွေ့အကြုံရှိခဲ့ပြီးမမျှော်လင့်ဘဲကိုယ်ဝန်ရရှိခဲ့တယ်လို့ ဖြေကြားခဲ့ကြပါတယ်” ဟု DKT International Myanmar ၏ Country Director ဖြစ်သူ Mr. DebuSatapathy က ပြောသည်။

အဆိုပါစစ်တမ်းကို DKT မှ ဒုတိယအကြိမ်မြောက် ထုတ်ပြန်ခြင်းဖြစ်သော်လည်းယခုအကြိမ်တွင် အိမ်ထောင်မရှိသူ လူပျို၊ အပျိုများကိုသာမေးမြန်းကောက်ယူခဲ့သောစစ်တမ်းဖြစ်ပြီး ဒုတိယအကြိမ်မြောက် KAP စစ်တမ်းကို နိုင်ငံတစ်ဝန်းရှိအသက် (၁၈) နှစ်မှ (၄၅) နှစ်အထိအိမ်ထောင်မရှိသူလူလွတ်များအား တစ်ဦးချင်းအမေး၊ အဖြေ ပြုလုပ်ရာမှ ရရှိခဲ့သောသဘောထားအမြင်များ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းတွင် အဓိကအားဖြင့် ပါဝင်ဖြေဆိုခဲ့သူများ၏ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာသိနားလည်မှုနှင့် အပြုအမူများ၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာရယူခဲ့သည့် သတင်းရင်းမြစ်များနှင့် သားဆက်ခြား ပစ္စည်းများအပေါ် ၎င်းတို့၏ အမြင်များကိုမေးမြန်းခဲ့ပြီးရရှိခဲ့သည့် အဖြေများကိုစုစည်းတင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

KAP စစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့သူ (၉၆) ရာခိုင်နှုန်းသည် မှန်ကန်သောမျိုးဆက်ပွားကျန်းမာရေး အသိပညာပေးမှုရရှိရန် အရေးကြီးသည်ဟုထင်မြင်ယူဆကြပြီး (၈၉) ရာခိုင်နှုန်းမှာပုဂ္ဂလိကကျောင်းများတွင် အသိပညာပေးအနေဖြင့် သင်ကြားပေးသင့်ကြောင်းသဘောတူထောက်ခံခဲ့ကြကြောင်း သိရသည်။

ပါဝင်ဖြေဆိုခဲ့သူ (၂၅) ရာခိုင်နှုန်းမှာမှန်ကန်သည့် မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးမှုရရှိခဲ့ကြသူများ ဖြစ်ပြီး ထိုကဲ့သို့ရရှိခဲ့ကြသူအများစုမှာ မြို့ပြဒေသတွင်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ပါဝင်ဖြေဆိုခဲ့သူ (၆၇) ရာခိုင်နှုန်းမှာမိဘများထံမှ မေးမြန်းဆွေးနွေးခြင်းထက် အချက်အလက်များ ပိုမိုများပြားသည်ဟု ထင်မြင်ယူဆရသည့် အင်တာနက်ပေါ်ရှိနာမည်ကြီးရုပ်သံလိုင်းများမှတဆင့် မိမိနှင့်နီးစပ်ရာသူငယ်ချင်း၊ အိမ်နီးချင်းနှင့် အတန်းဖော်များနှင့်အတူတိကျမှုမရှိသော မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာများရှာဖွေလေ့လာခဲ့ကြကြောင်းဖြေကြားခဲ့သည်။

ထို့အပြင် ပါဝင်ဖြေဆိုခဲ့သူ (၄၃) ရာခိုင်နှုန်းမှာအိမ်ထောင်မရှိဘဲ လိင်မှုဆိုင်ရာအတွေ့အကြုံရှိသူတစ်ဦးအား သိရှိကြောင်း ပြောကြားခဲ့ပြီး ရုတ်တရက် ကိုယ်ဝန်ရှိသွားသောကြောင့် အသက် (၁၈) နှစ်မပြည့်မီ အိမ်ထောင်ကျခဲ့သူတစ်ဦးအားသိရှိကြောင်းဖြေကြားသူမှာလည်း (၄၀)ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment