Pages

Wednesday, July 3, 2019

တရားမဝင် ရထားလမ်းကူးများကို ပိတ်သိမ်းမည်

မြန်မာ့မီးရထားလမ်းတစ်လျှောက်တွင် တည်ရှိနေသည့် တရားမဝင် ရထားလမ်းကူး (Level Crossing) များကို ပိတ်သိမ်းသွားနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်း၍ ပိတ်သိမ်းမည်ဖြစ်ကြောင်း မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်) မှ General Manager (Operating Department) ဦးကျော်ကျော်မျိုးက ပြောကြားသည်။



“ပိတ်လို့ရတဲ့ တရားမဝင် လမ်းကူးတွေကို ပိတ်သွားမယ်။ ပေါင်းလို့ရတဲ့လမ်းကူးတွေကို ပေါင်းပေးပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆိုရင် ဒီထက်ပိုမြန်တဲ့ရထားတွေ ပြေးဆွဲလာတော့မှာဖြစ်တဲ့အတွက် တစ်မိုင်အတွင်းမှာ လမ်းကူးနှစ်ခုရှိနေမယ်ဆိုရင် သေချာတာက ရထားက နှစ်နေရာလုံးကို အရှိန်လျှော့ရမယ်။ အဲဒီတော့ လိုရာခရီးကို သတ်မှတ်အချိန်အတွင်း ရောက်ဖို့ ခက်ခဲသွားနိုင်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ တရားမဝင် ရထားလမ်းကူးများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ ဇွန်လ ၃၀ ရက်နေ့က နေပြည်တော် မြန်မာ့မီးရထားရုံးချုပ်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြန်မာ့မီးရထား ဘူတာရုံတွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် မြန်မာ့မီးရထားလမ်းတစ်လျှောက်တွင် တရားဝင် ရထားလမ်းကူးပေါင်း ၁၆၆၇ (အစောင့်ရှိ ၇၁၈၊ အစောင့်မရှိ ၉၄၉) ဂိတ်ရှိပြီး တရားမဝင် ဂိတ်စုစုပေါင်း ၂၄၈၅ ဂိတ်ရှိကြောင်း၊ စုစုပေါင်း မီးရထားလမ်းတစ်လျှောက် ရထားလမ်းကူးပေါင်း ၄၁၅၂ ခုရှိကြောင်း၊ ယင်းအနက်မှ မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင် ရထားလမ်းကူး အများဆုံးရှိကြောင်း မြန်မာ့မီးရထား ရုံးချုပ်၏ စာရင်းများအရ သိရသည်။

တရားမဝင် လမ်းကူးများ လျှော့ချနိုင်ရေးအတွက် မြန်မာ့မီးရထားအဖွဲ့၊ တိုင်းနှင့်ပြည်နယ်အစိုးရ၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကွင်းဆင်းလေ့လာကာ လျှော့ချမည်ဖြစ်ပြီး လက်ရှိတွင်လည်း အုပ်ချုပ်ရေးမှူးများက အဖွဲ့ဖွဲ့၍ လုပ်ဆောင်နေကြောင်း၊ ယင်းသို့လျှော့ချနိုင်ရေးအတွက် ဒေသခံများ၏ သဘောထားကိုလည်း ရယူမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။

“ကျွန်တော်တို့ မွန်ပြည်နယ်မှာဆိုရင် အရင်ကတည်းက ကျေးရွာနေပြည်သူတွေက ရထားကိုသာ အဓိကထားရတဲ့အတွက် ကျေးရွာတွေကလည်း ရထားလမ်းရဲ့ တစ်ဖက်တစ်ချက်မှာ တည်ထားကြတယ်။ နောက်ပိုင်းမှာ ကားလမ်းတွေက ပိုပြီး ကောင်းလာတော့ ကားလမ်းကို သွားနိုင်ဖို့ ရွာကနေ ရထားလမ်းကူးပြီးမှ ကားလမ်း ရောက်တယ်၊ နောက်ပြီး လယ်ကွင်းတွေ သွားဖို့အတွက်ကိုလည်း ရွာကနေ ရထားလမ်း ဟိုဘက်ကို ရောက်ဖို့ ရထားလမ်းကူးရတယ်။ ဒါကြောင့် တရားမဝင် ရထားလမ်းကူးတွေ များရတယ်”ဟု ၎င်းကဆိုသည်။

No comments:

Post a Comment