Pages

Thursday, July 4, 2019

ကျောင်းကားတွင် လိုက်ပါစီးနင်းသည့် ကျောင်းသား ကျောင်းသူများ၏ အတက်အဆင်းကို မိဘအုပ်ထိန်းသူများ mobile app မှတစ်ဆင့် သိရှိနိုင်ရန် စမတ်ကတ်စနစ် ဆောင်ရွက်မည်

ကျောင်းကားတွင် လိုက်ပါ စီးနင်းသည့် ကျောင်းသား၊ ကျောင်းသူများ၏ အတက်အဆင်းကို မိဘအုပ်ထိန်းသူများ mobile app မှ တစ်ဆင့် သိရှိနိုင်ရန် စမတ်ကတ်စနစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဇူလိုင် ၃ ရက် က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ မီဒီယာတွေ့ဆုံပွဲမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ ကွပ်ကဲလျက်ရှိသည့် ကျောင်းကားများပေါ်တွင် လိုက်ပါ စီးနင်းသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဘေးအန္တရာယ် ကင်းစင်လုံခြုံရေးအတွက် ကျောင်းကားပေါ် အတက်အဆင်း အခြေအနေကို သိရှိနိုင်မည့် စမတ်ကတ်စနစ်ကို တိုးမြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း (YRTA) ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောကြားသည်။



“ဒီကျောင်းကားမှာ စီးနင်း လိုက်ပါလာတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ကျောင်းကားပေါ် အတက်၊ အဆင်း အခြေအနေကိုလည်း မိဘများက mobile application ကနေတစ်ဆင့် သိရှိရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းကို အထောက်အပံ့ ပြုနေတဲ့ နည်းပညာပိုင်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီကိုလည်း ပြောကြားထားပြီး ဖြစ်ပါတယ်” ဟု ဦးအောင်ညီညီမော်က ပြောကြားသည်။
အဆိုပါ ကတ်စနစ်ကို စီစဉ် ဆောင်ရွက်နိုင်ရန် ကတ်စနစ် အသုံးပြုမည့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေး အချက်အလက်စာရင်းကို မိဘအုပ်ထိန်းသူများထံ ယခုလအတွင်း တောင်းခံသွားမည်ဖြစ်ပြီး သတင်း အချက်အလက် ကောက်ယူပြီးသည်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းကားပေါ် အတက် အဆင်းတွင် အသုံးပြုနိုင်မည့် စမတ်ကတ်စနစ်ကို  ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးအောင်ညီညီမော်က ပြောကြားသည်။

“အဓိက အချက်အလက်ကတော့ ကျောင်းသားတွေ ကိုယ်ရေး အချက်အလက်ကို တတ်နိုင်သမျှ ထည့်သွင်းဖို့ ရှိပါတယ်။ ဒါမှသာ ဘယ်ကျောင်းကားပေါ်မှာ ဘယ်အချိန် လိုက်ပါလာတယ်။ ဘယ် စီးနှင်းတယ်။ ဘယ်အချိန် ဆင်းသွားတယ် ဆိုတာကို သိရမှာ ဖြစ်ပါတယ်”ဟု ဦးအောင်ညီညီမော်က ပြောကြားသည်။

လက်ရှိတွင်  ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ ကျောင်း ၁၂ ကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀ဝ အနက်မှ ကျောင်းကား ၉၈ စီးဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၈၉၇ ဦး ပြေးဆွဲပေးလျက်ရှိပြီး ထပ်မံ တောင်းခံလာသည့် ကျောင်းများသဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်၍ ကျောင်းကား အရေအတွက် ထပ်မံတိုးချဲ့ ပြေးဆွဲရန်ရှိကြောင်း သိရသည်။ 

No comments:

Post a Comment