Pages

Saturday, July 6, 2019

YBS 99 ယာဉ်မှန်တံခါးရိုက်ခွဲခဲ့သူကို ဖမ်းဆီးရမိခြင်းမရှိသေးဟု ဆို

YBS 99 ယာဉ်မှန်တံခါးရိုက်ခွဲခဲ့သူကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ရုံးတွင် ဇူလိုင်လ ၃ ရက်က ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲ ၄ ကြိမ်မြောက်အခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။



“ အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက်နေ့မှာ ကျွန်တော်တို့ဆီကို အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်ဆေးပါတယ်။ သူက နောက်ထပ် YBS ယာဉ်လိုင်းပေါ်ကိုတက်သွားတယ်လို့ပြောတယ်။ အဲဒီကားနံပါတ်ကိုလည်း အတိအကျရထားပါတယ်။ သူတို့တရားရုံးကို ဦးတိုက်လျှောက်ထားတယ်။ ဒါပေမဲ့ မမိသေးဘူး။ ရဲစခန်းဘက်ကလည်း ဒီကိစ္စကိုအလေးထားပြီး ဆောင်ရွက်ပေးနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော ဇွန်လ ၂၉ ရက်၊ ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က YBS 99 ယာဉ်သည် လှိုင်သာယာမှ တောင်ဒဂုံသို့အသွား ရှစ်မိုင်၌ မီးပွိုင့်မိနေစဉ် ခရီးသည်အမျိုးသားတစ်ဦးမှ တံခါးဖွင့်ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

သို့သော် ယာဉ်မောင်းမှမဖွင့်ပေးသည့်အတွက် အရေးပေါ်အသုံးပြုရန် ယာဉ်ပေါ်တွင်ထားရှိသည့် စိန်တူကို ယူ၍ ရိုက်ဖွင့်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်းပေါင်း ၁၀၀ နှင့် ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်ဖြင့် နေ့စဉ်ပုံမှန် ပြေးဆွဲပေးနေပြီး ခရီးသည် ၂ ဒဿမ ၈ သန်းခန့်ကိုဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

No comments:

Post a Comment