Pages

Wednesday, May 22, 2019

အခွန်မြင့်မားမှုကြောင့် မြန်မာ့ကျောက်မျက်ရတနာများ ပြည်ပသို့ မှောင်ခိုဈေးကွက်မှ ရောက်ရှိနေပြီး တိုင်းပြည်အတွက်နစ်နာနေဟုဆို

ကျောက်မျက်ရတနာပြပွဲများ၌ အခွန်ကောက်ခံမှုနှုန်းမြင့်မားသဖြင့် မြန်မာ့ကျောက်မျက်ရတနာများ ပြည်ပသို့မှောင်ခိုဈေးကွက်မှ ရောက်ရှိနေပြီး တိုင်းပြည်အတွက်နစ်နာနေကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က မေ ၂၁ ရက်တွင် ရန် ကုန်မြို့ကုန်သည်စက်မှုလက်မှုအသင်းချုပ်၌ကျင်းသည့် “ မြန်မာ့ကျောက်မျက်ရတနာနှင့် နိုင်ငံတကာ ဈေးကွက်အခွင့်အလမ်း”ခေါင်းစဉ်ဖြင့်ဆွေးနွေးသည့် B2B စကားဝိုင်း၌ ပြောဆိုသည်။



“ အရင်တုန်းက ၁၉၉၅ ဥပဒေမှာ ပြပွဲတင်ပြရောင်းချတယ်ဆိုရင် ဝင်ငွေအပေါ်မှာ ၁၀ ရာခိုင်နှုန်းပဲ ကောက်ရမယ်လို့သတ်မှတ်ပြီးတော့ မည်သည့်အခွန်အခမှပေးရန်မလိုဆိုတဲ့စာပုဒ်တစ်ပိုဒ်ပါတော့ လုပ်ငန်းရှင်တွေအလုအယက် ပြပွဲမှာတင်ပြရောင်းချပါတယ်။ မှောင်ခိုရောင်းဖို့ အပြင်မှာထုတ်ရောင်း ဖို့ဘယ်သူမှမစဉ်းစားပါဘူး။ ပြပွဲကိုပဲ တမျှော်မျှော်နဲ့တင်ပြရောင်းချတယ်။ အပြိုင်အဆိုင်ဝယ်တဲ့အတွက် ဈေးကောင်းရတယ်။ တရုတ်ပြည်ကလည်း ဝယ်လိုအားကောင်းခဲ့တယ်ဆိုတော့ တော်တော်လေးအခြေ အနေကောင်းခဲ့ပါတယ်။ ဒီဖက် ခေတ်ရောက်လာတဲ့အခါကျတော့ အခွန်ကမြှင့်လိုက်ပါတယ်။ အထူးကုန်စည်ခွန်ဆိုတာပါလာပါတယ်။ ၁၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ရတနာခွန် ၃ ရာခိုင်နှုန်းဖြစ်ပါ တယ်။ အကျိုးတူမှာကျတော့ ဝန်ဆောင်ခအဖြစ်ပါတယ်ဆိုတော့ စသဖြင့်ပေါင်းလိုက်ရင် အခွန်အားလုံး က အကြမ်းမျဉ်း ၁၉ ရာခိုင်နှုန်းလောက်ဖြစ်သွားတဲ့အခါကျတော့ ကုန်ကျစရိတ်တွေပိုများလာတယ်။ အခွန်အခတွေများလာတဲ့အတွက် ပြပွဲတင်ပြမှုအားနည်းလာတယ်။ ပြပွဲတင်ပြမှုအား နည်းပြီးတော့ သူတို့အနေနဲ့ တူးဖော်ဖို့အတွက် စရိတ်လိုတာကြောင့် ထုတ်လုပ်မှု လိုင်စင် တွေရပ်တယ်ဆိုပေမယ့် တရုတ်ပြည်မှာ ကျောက်တွေရောက်နေတယ်ဆိုတာက တရားမဝင်နည်းလမ်းတွေနဲ့ထွက်နေတာတွေ ရှိနေပါတယ်။ အဲဒါတွေက ကျွန်တော်တို့တိုင်းပြည်အတွက် အရမ်းနစ်နာရတဲ့အချက်ပါ” ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့်ကပြော ဆိုသည်။

၂၀၁၃ - ၁၄ ခုနှစ်တွင် နိုင်ငံတော်က ကျောက်မျက်ရတနာပြပွဲနှစ်ပွဲကျင်းပပေးခဲ့သည့်အတွက် နိုင်ငံတော်သို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်အခွန် ပေးဆောင်နိုင်ခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်တွင် ဒေါ်လာသန်း ၂၀၀ ကျော်နှင့် ၂၀၁၅ - ၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ပေးဆောင်နိုင်ခဲ့ကြောင်းနှင့် ၂၀၁၆-၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၁၉၀ ကျော်သာပေးဆောင်နိုင်ခဲ့ပြီး အခွန်ပေးဆောင်နိုင်မှု ကျဆင်းခဲ့ကြောင်း သိရသည်။

“ နိုင်ငံတော်တာဝန်ရှိသူများအနေဖြင့် အခွန်ကောက်ခံမှုနှင့်ပတ်သက်ပြီး ရေတိုမကြည့်ဘဲ ရေရှည်တွင် နိုင်ငံသားတိုင်းပျော်ရွှင်စွာဆောင်နိုင်အောင် မာစတာပလန်ကြီးတစ်ခုနဲ့ ကောက်စေချင်ပါတယ်။ လတ်တလော တင်ပြရောင်းချတဲ့အပေါ်မှာပဲ အမိအရကောက်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း ရေရှည်မှာအဆင်မပြေပါဘူး။ လုပ်ငန်းရှင်အတွက်လည်းအခက်အခဲရှိပါတယ်” ဟု ဦးဇော်ဘိုခန့် ဆက်လက် ပြောဆိုသည်။

ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လက်တွေ့လုပ်နေသည့် လုပ်ငန်းရှင်များ နိုင်ငံ တော်အပေါ်သစ္စာရှိသည့် ပညာရှင်များနှင့် ပူးပေါင်းကာ ကျောက်မျက်ရတနာနှင့်ပတ် သက်သည့် မာစတာပလန်ရေးဆွဲရန်လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

No comments:

Post a Comment