Pages

Sunday, May 12, 2019

အာဖဂန်တွင် သတင်းထောက်ဟောင်းတဦးကို သေနတ်သမားများ ပစ်သတ်

အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်မှာ သေနတ်သမားတွေက ရုပ်သံသတင်းထောက်ဟောင်း၊ အာဖဂန် လွှတ်တော်အကြံပေးအရာရှိ အမျိုးသမီးတယောက်ကို မေလ ၁၁ ရက်က အသေပစ်သတ်ခဲ့ပါတယ်။ အာဖဂန်မှာ ထင်ရှားတဲ့ ရုပ်သံဌာနဖြစ်တဲ့ အာရီယာနာနယူးစ် ရုပ်သံဌာနအတွက် သတင်းပို့လေ့ရှိတဲ့ မီနာမန်ဂယ်ကို ကဘူးမြို့ အရှေ့ပိုင်းက သူ့အိမ်နားမှာ မော်တော်ဆိုင်ကယ် စီးထားတဲ့ ဘယ်သူဘယ်ဝါ မသိရတဲ့ ယောက်ျားနှစ်ယောက်က ပစ်သတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ဘတ်ရှားမူဂျာဟစ်က ပြောပါတယ်။ လွှတ်တော်ရဲ့ ယဉ်ကျေးမှုရေးရာ ကော်မတီအကြံပေးအဖြစ် လုပ်ငန်းခွင်ကိုလာချိန်မှာ ခုလို ပစ်သတ်ခံရတာပါ။



တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဘာမှ ချက်ချင်းမသိရသေးပါဘူး။ ဒါပေမယ့် မိသားစု အငြင်းပွားမှုတရပ်တော့ ရှိနေခဲ့တယ်လို့ အစိုးရ ရဲတပ်ဖွဲ့ ပြောခွင့်ရ နောက်တယောက် ဖြစ်သူ ဖှာဒတ်စ်ဖှာရာမားစ်က ပြောပါတယ်။

အာဖဂန်နစ္စတန်ကနေ နိုင်ငံခြားတွေ ထွက်ခွာရေးနဲ့ တာလီဘန်တို့ အစိုးရ အဖွဲ့ထဲမှာ အခန်း ကဏ္ဍတခု ပြန်ရရှိရေး ဖြစ်နိုင်ချေရှိနေချိန်မှာ အမျိုးသမီး အခွင့်အရေးကို အာရုံစိုက်နေချိန် ခုလို ပစ်သတ်မှု ဖြစ်ခဲ့တာပါ။

မြို့တော်ထဲမှာတောင် အမျိုးသမီးတွေရဲ့ လုံခြုံရေး အခြေအနေက ပိုဆိုးနေလို့ အာဖဂန် နိုင်ငံသားတွေက သူ့ရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ကြပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံဟာ ကျားမတန်းတူညီမျှမှုအတွက် ကမ္ဘာလုံးဆိုင်ရာ ညွှန်းကိန်းမှာ အောက်ဆုံးအဆင့်နားမှာ ရှိနေတာပါ။

နိုင်ငံအတွင်း အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အိမ်တွင်း အကြမ်းဖက်မှု၊ သတ်ဖြတ်မှုနဲ့ အတင်းဖိအားပေး လက်ထပ်ခိုင်းမှုတွေ ရှိနေပါတယ်။

၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အကြား အာဖဂန်ကို တာလီဘန်တို့ အုပ်ချုပ်ချိန်က အမျိုးသမီးတွေဟာ အိမ်အပြင်ထွက်ပြီး အလုပ်လုပ်ခွင့် ပိတ်ပင်ခံရတဲ့အပြင် အိမ်ပြင်ထွက်ဖို့ ဆွေမျိုးတော်စပ်သူ အမျိုးသား အဖော်ပါဖို့ လိုအပ်ပါတယ်။

No comments:

Post a Comment