Pages

Sunday, May 12, 2019

ဗီယက်နမ် စီးပွားရေးလုပ်ငန်းများ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံရန် သမ္မတဦးဝင်းမြင့်

ဗီယက်နမ်နိုင်ငံက စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှာ ပိုမို လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ သမ္မတ ဦးဝင်းမြင့်က ဖိတ်ခေါ်လိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ မနေ့က ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။ သမ္မတ ဦးဝင်းမြင့်က “မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ထွန်းလျက်ရှိပြီး ယခုဆိုလျှင် ဗီယက်နမ် နိုင်ငံသည် မြန်မာနိုင်ငံ၏ နဝမမြောက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံနှင့် သတ္တမ မြောက် အကြီးဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေပါကြောင်း။
မိမိတို့ အစိုးရသည် မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြှင့်ရန်အတွက် ကုန်သွယ်ရေးမူဝါဒများကို ဖြေလျှော့ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ အားလုံးအတွက် အဆင်ပြေချောမွေ့သည့် စီးပွားရေးဝန်းကျင်ကောင်း တစ်ခုဖြစ်ရန်ကိုလည်း ဖန်တီး ပေးနိုင်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ပိုမို လာရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ကြရေးအတွက်လည်း ဖိတ်ခေါ်လိုပါ ကြောင်း။”

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သစ်တောနှင့် သားငါး ကဏ္ဍ၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့်ဆက်သွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာ စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖုက နှစ်နိုင်ငံ ကုန်သွယ်ပမာဏ အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ ထက် ကျော်လွန်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂ဝ၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း(၈၆ဝ) ကျော်ရှိခဲ့ရာ အဆိုပါပမာဏသည် ၂ဝ၁၇ ခုနှစ်ကထက် ၃ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပါကြောင်း၊ များမကြာမီတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း(၁ဝဝဝ) ထက် ကျော်လွန်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်း နှီးမြှုပ်နှံသည့် နိုင်ငံများအနက် ဗီယက်နမ်နိုင်ငံသည် အဆင့် (၇) တွင် အစဉ်တစိုက် ရပ်တည်နေပြီး အမေရိကန်ဒေါ်လာ (၂ ဒသမ ၁) ဘီလီယံတန်ဖိုးရှိကာ စီမံကိန်း (၁၈) ခုကို ရင်းနှီးမြှုပ်နှံထားရှိပါကြောင်း။”

ဒါ့အပြင် ၂ဝ၂ဝ ပြည်နှစ်တွင် ဗီယက်နမ်နိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် မြန်မာနိုင်ငံမှ ထောက်ခံမှုပေးရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ မနေ့ညနေပိုင်းမှာလည်း ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မဒမ် ငုယင်သီ ကင်ငန်းနဲ့လည်း ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးမှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များအကြား၊ လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ သူရဦးအောင်ကို၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဟနွိုင်းမြို့မှာ ရောက်ရှိနေတဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ ဇနီး ဒေါ်ချိုချိုတို့ဟာ မနေ့မနက်ပိုင်းကလည်း ဗီယက်နမ် သူရဲကောင်းစစ်သည် ဗိမာန်နဲ့ ဗီယက်နမ် အမျိုးသားခေါင်း ဆောင်ကြီး ဟိုချီမင်းရဲ့ ဂူဗိမာန်တွေကို သွားရောက်ပြီး ဂုဏ်ပြုပန်းခွေချ အလေးပြုကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

No comments:

Post a Comment