Pages

Wednesday, May 8, 2019

ကမ္ဘာ့ဖလားဝင်ခွင့်အထိ အမြင့်ဆုံးမှန်း၍ ကြိုးစားသွားရန် ယူ-၁၉အမျိုးသမီးအသင်းအား ဥက္ကဋ္ဌဦးဇော်ဇော် ပြောကြား

Image may contain: 4 people, people sittingမြန်မာ့လက်ရွေးစင်ယူ-၁၉အမျိုးသမီးအသင်း ၀င်ရောက်ယှဉ်ပြိုင် သွားရမည့် ၂၀၁၉ အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှ ထိပ်ဆုံးသုံးသင်းသည် ၂၀၂၀ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားသို့ ၀င်ခွင့်ရရှိမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က ယူ-၁၉ အမျိုးသမီးအသင်းအား ကမ္ဘာ့ဖလားဝင်ခွင့်အထိ အမြင့်ဆုံး ရည်မှန်းထား၍ အကောင်းဆုံးကြိုးစားရန် တိုက်တွန်းပြောကြားသွားခဲ့သည်။



အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာအသင်းသည် ၂၀၁၃ခုနှစ်ကနောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ထားခဲ့ပြီး ခြောက်နှစ်အကြာ ယခု၂၀၁၉ခုနှစ်၌ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သဖြင့် မြန်မာ့လက်ရွေးစင်ယူ-၁၉အမျိုးသမီးအသင်းကို မေလ၇ရက်က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ပြီး MFF ဥက္ကဋ္ဌဦးဇော်ဇော်က အားပေးစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

'' အာရှ ၄၇နိုင်ငံထဲမှာ ၈သင်းထဲကိုဝင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘက်ပေါင်းစုံက အားနည်းနေတဲ့ အခြေအနေမျိုးနဲ့ ရှစ်သင်းထဲကို ၀င်တယ်ဆိုတာ သမီးတို့ ကြိုးစားခဲ့ကြလို့ ဖြစ်ပါတယ်။ နောက်တစ်ခုက အဲ့ရှစ်သင်းထဲကနေ ထိပ်ဆုံးသုံးသင်းက ကမ္ဘာ့ဖလား ကစားရမှာ ဖြစ်ပါတယ်။ သမီးတို့က စိတ်ဓာတ်တွေကို ချပစ်လို့ မရပါဘူး။ ဆက်ပြီးတော့ ကြိုးစားအားထုတ်ရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ သာဓကပြဖို့ လိုပါတယ်။ ဂျပန်၊ သြစတြေးလျ၊ ကိုရီးယားတို့မို့လို့ အသင်းကြီးတွေ ဆိုပြီး ကြောက်နေစရာမလိုပါဘူး။ ဒီနေ့ဘောလုံးလောကမှာ ပြောင်းလဲသွားပါပြီး။ နိုင်ငံတိုင်းက အတိုင်းအတာတစ်ခုထိ လုပ်လာနိုင်ပါပြီ။ သမီးတို့ကိုပြောချင်တာက ဆီမီးဖိုင်နယ်ရောက်အောင်ကန်မယ်။ အမြင့်ဆုံး ကမ္ဘာ့ဖလား ၀င်အောင်ကစားမယ်။ ဖြစ်တာမဖြစ်တာ
အသာထား ယုံကြည်ချက် ခိုင်မာချက် ပြတ်သားဖို့ လိုတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်၊ ရည်ရွယ်ချက်က ခိုင်ဖို့လိုတယ်၊ မာဖို့လိုတယ်'' ဟု ဥက္ကဋ္ဌဦးဇော်ဇော်က ပြောသည်။

၂၀၁၉ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့်အောက်တိုဘာ ၂၇ရက်မှ နိုဝင်ဘာ၉ရက်အထိ အုပ်စုအဆင့်၊ ဆီမီးဖိုင်နယ် ၊ ဖိုင်နယ်နှင့် တတိယနေရာလုပွဲ စသည့်ဖြင့်အဆင့်ဆင့်ကျင်းပသွားမည်ဖြစ်သည်။လက်ရှိတွင်အုပ်စုအဆင့်မဲခွဲမှုအတွက် မဲအိုးများသက်မှတ်ထားရာ၌ မဲအိုး-၁တွင် အိမ်ရှင် ထိုင်း နှင့် ဂျပန်၊ မဲအိုး-၂တွင် မြောက်ကိုရီးယား နှင့် တရုတ်၊ မဲအိုး-၃တွင် သြစတြေးလျနှင့် တောင်ကိုရီးယား၊ မဲအိုး-၄တွင် မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ကျရောက်နေသည်။

ထိုပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို မေလ ၂၃ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စုအသင်းများထွက်ပေါ်သာသည်နှင့် ယူ-၁၉ အမျိုးသမီးအသင်းအတွက် နိုင်ငံတကာခြေစမ်းပွဲများနှင့် နိုင်ငံခြားလေ့ကျင့်ရေး ခရီးစဉ်များ စီစဉ်၍ အကောင်းဆုံးပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

No comments:

Post a Comment