Pages

Monday, July 15, 2019

ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ ၂သောင်းကျော်ရှိ၊ ၁ ဦးသေဆုံး

မြန်မာနိုင်ငံတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးသင့်ပြည်သူပေါင်း ၂၀,၀၀၀ ကျော်ရှိနေပြီလို့  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်က ဒီဗွီဘီကို ပြောပါတယ်။ ဇွန် ၂၅ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ စာရင်းအရ ကချင်ပြည်နယ်မှာ ရေဘေးသင့်သူ  ၁၄,၇၉၆ ယောက်၊ ရခိုင်ပြည်နယ်မှာ ၃,၆၂၆ ယောက်၊ ချင်းပြည်နယ်မှာ ၁၂,၂၇ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၇၀၇ ယောက်၊ မွန်ပြည်နယ်မှာ ၇၅၅ ယောက်၊ ပဲခူးတိုင်းမှာ  ၅၂ ယောက်နဲ့ မကွေတိုင်းမှာ ၅ ယောက်ရှိပြီး လူ ၁ ယောက်သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။



ရေဘေးသင့်ပြည်သူတွေအများဆုံးရှိတဲ့ ကချင်ပြည်နယ်မှာတော့ ဇူလိုင် ၁၂ ရက်နေ့က တနိုင်းမြို့ ဒိုက်ဖားကျေးရွာမှာ ရေကြီးရေလျှံလို့ ရွာသူရွာသားတွေ ပိတ်မိနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၅ ရက်မှာတော့ ရေပြန်ကျဆင်းသွားပြီဖြစ်ပြီး  မြို့ပေါ်ရှိ ဌာနဆိုင်ရာတွေ၊ ပရဟိတအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ကာ အစားအသောက်တွေနဲ့ ရေသန့်တွေလည်း သွားရောက်လှူဒါန်းနေတယ်လို့ တနိုင်းဒေသခံ ဦးစောမင်းအောင်က ပြောပါတယ်။

သူရိယပန်းတိုင်ပရဟိတအဖွဲ့က ဦးအောင်ကျော်မြင့်ကတော့ “ကျနော်တို့ကတော့ ဆန်တွေ၊ ဆီတွေကို အဓိကထားလှူပါတယ်။ တခြားလိုအပ်နေတာတွေလည်းရှိပါတယ်။ နေရာတိုင်းမှာ ပြည့်စုံတယ်လို့တော့ ဘယ်ရှိမလဲ။ အဝတ်အစားတွေ ဆေးဝါးတွေလည်း လိုအပ်ပါတယ်” လို့ပြောပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကလည်း ကချင်ပြည်နယ်ရှိ ရေဘေး ရှောင်စခန်းတွေနဲ့ ပူးပေါင်းပြီး ဆန်ရိက္ခာနဲ့ ငွေကျပ် ၁၉၉ သိန်းကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်တွေမှာလည်း မိုးအဆက်မပြတ်ရွာသွန်းလို့ ကျေးရွာတော်တော်များက နေအိမ်တွေ ရေနစ်မြုပ်နေပြီး စစ်တွေ- ရန်ကုန်ကားလမ်းတချို့ ရေကျော်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေပါတယ်။

ရေဘေးသင့် ပြည်သူတွေအနေနဲ့ အကူအညီလိုအပ်ရင် ဒေသအလိုက်ဖွင့်လှစ်ထားတဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွေကို ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) Hot Line နံပါတ်  ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇- ၃၄၀၄၇၇၇ ကိုဖြစ်စေ အကူအညီတောင်းခံနိုင်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက နှိုးဆော်ထားပါတယ်။

No comments:

Post a Comment