Thursday, August 8, 2019

တရှိန်ထိုးတက်နေတဲ့ ရွှေဈေး ၁၂ သိန်း ကျော် ဖြစ်လာ

ရွှေဈေးနှုန်း တရှိန်ထိုးမြှင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးကွက်မှာ အရောင်းအ၀ယ်တွေမကောင်းဘူးလို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်းကပြောပါတယ်။ ဇွန် တတိယပတ်က ၁၁ သိန်းဝန်းကျင်ခန့်ကနေ စတက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီနေ့မှာတော့ ၁၂ သိန်းကျော်အထိ ရောက်ရှိလာတာပါ။ ဒါ့ကြောင့် ရွှေဈေးကစားခြင်းတွေမရှိအောင် ဈေးကွက်မှာ ထိန်းထိန်းသိမ်းသိမ်းရောင်းကြဖို့နဲ့ လက်ရှိအခြေအနေတွေကို စောင့်ကြည့်ကြဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။



လက်ရှိမှာ ပြည်တွင်းရွှေဈေးနဲ့ ကမ္ဘာ့ရွှေဈေးဟာ ကျပ်နှစ်သောင်းကျော်ကွာဟနေတာကြောင့် ဈေးပြန်ကျဖို့ ခက်ခဲနေပြီး ရွှေဝယ်ယူမှုမှာလည်း ကျဆင်းနေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ရွှေဝယ်ယူမှုအများဆုံးနိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားမှာ တည်ရှိနေတာကြောင့် ရွှေဈေးဟာ အတက်ဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်-အမေရိကန် ကုန်သွယ်ရေးပဋိပက္ခကြောင့် ဒေါ်လာနဲ့ စတော့ဝယ်ယူမှုတွေအစား ရွှေကိုသာ ပိုမိုဝယ်ယူလာတာကြောင့် ကမ္ဘာ့ရွှေဈေးဟာ တက်နေတယ်လို့ သိရပါတယ်။

ပြည်ပနိုင်ငံတွေကို ရွှေတင်ပို့ရာမှာလည်း လက်ဝတ်ရတနာအပါအဝင် ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်း သန့်စင်မှုရှိတဲ့ ရွှေတွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောပါတယ်။

ဒါပေမယ့် ရွှေတင်ပို့မှုအတွက် ကြိုတင်ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းကို ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ဒါဟာ ရွှေတစ်ခုတည်းကိုသာ ကောက်ခံခြင်းမဟုတ်ဘဲ တင်ပို့ကုန်တွေအားလုံးအပေါ်ကောက်ခံခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံခြားသို့တင်ပို့ရာမှာ အကောက်အခွန်ဦးစီးဌာနက ကောက်ခံတဲ့ အကောက်ခွန်ကိုလည်း ကင်းလွတ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ရွှေတင်ပို့ဖို့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့သာ တင်ပို့လို့ရမှာဖြစ်တယ်လို့ သိရပါတယ်။
ရွှေတင်ပို့၊ တင်သွင်းခြင်းတွေကို ယခုနှစ် ဇန်န၀ါရီလပိုင်းက တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဒီလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ One Stop Service ကိုတော့ ရန်ကုန်ပြည်သူ့ဥယျာဉ်ထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖွင့်လှစ်ခဲ့တာပါ။

ဒီ One Stop Service ကတော့ ရွှေတင်ပို့တင်သွင်းခြင်းအတွက် ရွှေအရည်အသွေး စစ်ဆေးခြင်းအပါအ၀င် အခြားဆက်စပ်လုပ်ငန်းတွေကို တစ်နေရာတည်းမှာ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ၀န်ဆောင်ခပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment