Friday, June 7, 2019

ဖမ်းဆီးခံထားရတဲ့ အောင်သပြေရွာသား အိုးဘိုထောင်တွင်းမှာသေဆုံး

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ သုံးခုနဲ့ ဖမ်းဆီးခံထားရတဲ့ အောင်သပြေကျေးရွာသား ဦးထွန်းမြင့်ဝင်းဟာ အိုးဘိုထောင်တွင်းမှာ ဒီနေ့မနက်က သေဆုံးသွားကြောင်း အောင်သပြေကျေးရွာသားတွေနဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။



ဦးထွန်းမြင့်ဝင်းဟာ အိုးဘိုထောင် ဆေးရုံမှာ ဒီနေ့ မနက် ၇ နာရီက သေဆုံးသွားတဲ့အကြောင်း ထောင်အာဏာပိုင်တွေက ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားတာလို့ သေဆုံးသူရဲ့ အကိုဖြစ်သူ ဆရာတော် ဦးဝိမလက RFA ကို မိန့်ပါတယ်။

ဦးထွန်းမြင့်ဝင်းဟာ ကျန်းမာသန်စွမ်းသူဖြစ်ကြောင်းနဲ့ ဘာကြောင့် သေဆုံးတယ်ဆိုတာကို မသိရသေးကြောင်း ဦးဝိမလက မိန့်ပါတယ်။

မိသားစုဝင်တွေက အိုးဘိုထောင်ကို ဒီနေ့ သွားရောက်စုံစမ်းရာမှာ အိုးဘိုထောင်ဆေးရုံကနေ မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ဆေးစစ်ချက်ယူဖို့ ပို့ဆောင်ထားကြောင်း ထောင်အာဏာပိုင်တွေက ပြောလိုက်တယ်လို့လည်း မိန့်ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မနက်ဖြန် မနက် ၉ နာရီမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ ဆေးရုံဘက်က အကြောင်းပြန်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဦးထွန်းမြင့်ဝင်း သေဆုံးသွားတာနဲ့ ပတ်သက်ပြီး အိုးဘိုထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

သေဆုံးသွားတဲ့ ဦးထွန်းမြင့်ဝင်း အပါအဝင် အောင်သပြေရွာသား နှစ်ဦးနဲ့ Channel Mandalay TV သတင်းထောက် တစ်ယောက်ကို ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြမှုနဲ့ မေလ ၁၅ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ သုံးဦးအပါအ၀င် အောင်သပြေ ရွာသား ၁၅ ဦးကို ပုဒ်မ ၃၃၃ ပြည်သူ့ဝန်ထမ်းကို ၀တ္တရားနှောင့်ယှက်မှု၊ ပုဒ်မ ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ မီးဖြင့်သော်လည်းကောင်း ပေါက်ကွဲစေတတ်တဲ့အရာနဲ့ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။

No comments:

Post a Comment