Friday, June 7, 2019

မိုင်းယောင်း၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား လေးဦးဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဇွန် ၅ ရက်က တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား လေးဦးအား ပို့ဆောင်ပေးသူ မြန်မာနိုင်ငံသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီး ဇင်မိုးနိုင်၊ တပ်ကြပ်ကြီး နေဇာလင်း၊ ရဲအုပ် ရန်မျိုးထွန်းဦး တို့ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မုန်းလိုက်အုပ်စု မုန်းလိုက်ကျေးရွာရှိ မုန်းလိုက် တံတားတွင် ဇွန် ၅ ရက် နံနက် ၇ နာရီက ရှောင်တခင်ပိတ်ဆို့ ရှာဖွေစစ်ဆေးရာ မိုင်းဖြတ်မြို့ဘက်မှ မိုင်းယောင်းမြို့ဘက်သို့ စိုင်းအောင်(၂၂ နှစ်)မောင်းနှင်လာသော ယာဉ်အမှတ်၊61/------ WISH(ခဲရောင်)ယာဉ်အား ရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်။

တာဝန်ရှိသူတို့မှ လိုက်လံဖမ်းဆီးရာ မိုင်းယောင်းမြို့အဝင် ဘီးခွန်ဂိတ်အနီး၌ ယာဉ်မောင်း စိုင်းအောင်နှင့်အတူ တရုတ်နိုင်ငံသား SONG XIAOSU(၄၁ နှစ်) တို့လေးဦးအား နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့သည်။

ယာဉ်မောင်း စိုင်းအောင်အား စစ်ဆေးခဲ့ရာ အဆိုပါ တရုတ်နိုင်ငံသား လေးဦးအား တစ်ဦးလျှင် တရုတ်ငွေ ယွမ် ၁၅၀၀ နှုန်းဖြင့် တာချီလိတ်မြို့မှ အထူးဒေသ(၄)၊ နမ့်ပန်းရှိ ကျင်းရဲသို့ ပို့ဆောင် ပေးရန် တာချီလိတ်မှ တင်ဆောင်လာကြောင်း၊ ၎င်းတို့သည် ကမ္ဘောဒီးယားနိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး လွန်ခဲ့သော နှစ်ရက်ခန့်က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊ ဇွန် ၅ ရက် နံနက် ၄ နာရီခွဲတွင် တာချီလိတ်မှ ကျင်းရဲသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ထဲတွင် တရုတ် နိုင်ငံသား အမျိုးသမီး နှစ်ဦးဖြစ်သူ CHEN XIAOYAN(၂၉ နှစ်) နှင့် LIANG SHAOXIAN(၄၉ နှစ်) တို့၏ ပတ်စ်ပို့စာအုပ်နှစ်ခုလည်း သိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းယောင်းမြို့မရဲစခန်းက တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား လေးဦးနှင့် ယာဉ်မောင်း စိုင်းအောင်တို့အား စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment