Friday, June 7, 2019

မြောက်ဦးမြို့နယ် ဝေသာလီရွာအနီးမိုင်းပေါက်ကွဲ၊ ရွာထဲမှ အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာနှင့် ဘုရားကြီးကျေးရွာ အနီး ရန်ကုန်-စစ်တွေကားလမ်းတွင် ယနေ့ ညနေက မိုင်း ၂ လုံးပေါက်ကွဲပြီးနောက် သေနတ်သံများ ထွက်ပေါ်လာကာ အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသွားသည့် အမျိုးသမီးမှာ ဝေသာလီကျေးရွာမှ ဒေါ်ခိုင်သိန်းမြ (၆၅)နှစ် ဖြစ်ပြီး လက်ရှိ မြောက်ဦးဆေးရုံတွင် ဆေးကုသနေရသည်ဟု သိရသည်။



မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာ အနီး စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ယနေ့ ညနေ မိုင်း ၂လုံး ပေါက်ကွဲခဲ့ပြီးနောက် သေနတ်သံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့ကာ ဒေါ်ခိုင်သိန်းမြ၏ ခြေသလုံးကို ထိမှန်ခဲ့သည်ဟု ဒဏ်ရာရရှိသွားသူ ဒေါ်ခိုင်သိန်းမြ၏ သမီး ဒေါ်ဦးသိန်းလှက ပြောသည်။

“ ဘုရားကြီးအနီး စစ်တွေ- ရန်ကုန်ကားလမ်းပေါ်မှာ ဒီကနေ့ ညနေ ၃ နာရီက မိုင်းနှစ်လုံးပေါက်တယ်။ ပေါက်ပြီးတာနဲ့ ခဏအကြာမှာ စစ်တပ်က သေနတ်တွေနဲ့ ပစ်တာပါ။ ကားလမ်းပေါ်က ရွာဘက်ကိုလည်း ပစ်ပါတယ်။ပစ်တဲ့အချိန်မှာ ကျမအမေရဲ့ ညာဘက်ြေ ခသလုံးကိုထိသွားပါတယ် ”ဟုပြောသည်။

ဒဏ်ရာရရှိသူအား လက်ရှိတွင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ လူနေအိမ်ခေါင်မိုးတစ်ချို့လည် ပွင့်ထွက်သွားခဲ့ပြီး အိမ်တိုင်များလည်း ကျိုးပဲ့ခဲ့မှုရှိကြောင်း ကျေးရွာသားများက ပြောသည်။

ကျည်ဆံထိမှန်စဉ် ဒေါ်ခိုင်သိန်းမြသည် နေအိမ်ပေါ်တွင်ရှိနေခဲ့သည်ဟု မိသားစုဝင်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

လက်ရှိ အချိန်တွင် သေနတ်ပစ်ခတ်မှုကြောင့် ဝေသာလီကျေးရွာမှ ရွာသား သုံးပုံ နှစ်ပုံမှာ ရွာကနေ ထွက်ခွာကာ နီးစပ်ရာ ကယ်ဆယ်ရေး စခန်းများကို သွားနေကြသည်ဟု ရွာမှ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းနှင့် မြို့နယ်ရဲတပ်ဖွဲသို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

No comments:

Post a Comment