Friday, June 7, 2019

ပြည်ပရောက် မြန်မာ-မွတ်ဆလင်တွေ အစ်ဒ်ပွဲတော် ကျင်းပ

အမေရိကန်စံတော်ချိန် ဒီကနေ့ ဇွန်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်နေ့ဖြစ် ပါတယ်။ ရာမဲန်ဒန် ဥပုသ်ကာလအဆုံးသတ်တဲ့ အစ်ဒ်ပွဲတော်မှာ ဆိုရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ဘာသာမရွေး၊ လူမျိုးမရွေး ဖိတ်ခေါ်ပြီး ကျွေးမွေး ဧည့်ခံတတ်ကြပါတယ်။ အမေရိကန်မှာရောက်နေကြတဲ့ မြန်မာ-မွတ်ဆလင် အသိုင်းအဝိုင်းကရော ဥပုသ်ထွက်ပြီး အစ်ပွဲကို ဘယ်လို ကျင်းပကြသလဲ ဆိုတာနဲ့ အမေရိကန်မှာ စက်တင်ဘာလ ၁၁ ရက်မှာ အစ္စလာမ်စ် အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ အမေရိကန် ပြည်သူတွေနဲ့ အမေရိကန်အစိုးရရဲ့မူဝါဒတွေ ဘယ်လိုရှိသလဲဆိုတာနဲ့အတူ ဘင်္ဂလားဒေ့ရှ်ရောက်နေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရော အစ်ပွဲတော်ကာလမှာ ဘယ်လို အခြေအနေရှိသလဲဆိုတာကို မခွာညို ပြောပြပေးပါမယ်။



အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ သောင်းနဲ့ချီတဲ့ မြန်မာ-မွတ်ဆလင်တွေဟာ ရာမဲန်ဒါန် ဥပုသ်လကုန်ဆုံးပြီးနောက် အစ်ပွဲတော်ကို ဆင်နွဲ နေကြပါပြီ။ အမေရိကန်ရဲ့အနောက်ဘက်ခြမ်း အော်ရီဂွန်ပြည်နယ်၊ Portland မြို့လေးမှာတော့ မြန်မာပြည်ကနေ လာရောက် အခြေချ နေထိုင်ကြတဲ့ မွတ်ဆလင်လူဦးရေဟာ ၁ ထောင်ဝန်းကျင်ရှိပါတယ်။ ပေါ့လန်းမြို့မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တဦးဖြစ်တဲ့ ဦး ယူဆွတ် အက္ကဘဲလ်က ဒီကနေ့ သူတို့အိမ်မှာ မိတ်ဆွေ သူငယ်ချင်းတွေကို ဖိတ်ခေါ် ကျွေးမွေးပြုစုတဲ့အကြောင်းကို အခုလို ပြောပြပါတယ်။

“အစ်နေ့ဆိုလို့ရှိရင် ဘယ်သူမဆို သိတဲ့သူတိုင်း လာလည်လို့ရတယ်။ အဲဒီဟာမှာ တချို့က ဘာသာရေး နားလည်မှုလွဲတဲ့အပေါ်မှာ ကိုယ့်ရဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတခုတည်းပဲ ဖိတ်တယ်။ ကျနော်ကတော့ ဘေးအိမ် ပတ်ဝန်းကျင်တွေ၊ ခရစ်ယာန်၊ ဂျူး၊ ဗုဒ္ဓဘာသာ အကုန်လုံးကို ကျနော်တို့က open house ပဲ။ မွတ်ဆလင်ရဲ့ celebration ဖြစ်ပေမယ့် Get together with the friends and family, everyone together. တကယ်တန်း celebrate လုပ်တာက ဘာလဲဆိုတော့ ဝါကျွတ်သွားတဲ့အနေနဲ့ ဝါဖြေတာ၊ တလလုံးမှာ ဝါရှောင်ထားတယ်။ ဝါကျွတ်သွားတဲ့အနေနဲ့ celebrate လုပ်တဲ့သဘောပါ။ အဲဒီသဘောပါပဲ။”

အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကုန်သည်ညီနောင် မိုးမျှော် အဆောက်အဦးကြီးနဲ့ ပင်တဂွန်စစ် ဌာန ချုပ်တို့ကို အစ္စလာမ် အစွန်းရောက်တွေဖြစ်တဲ့ အယ်လ်ကိုင်းဒါးအဖွဲ့က အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် မွတ်ဆလင်တွေအပေါ်မှာ လူဖြူကြီးစိုးရေး ဝါဒီတွေနဲ့ အရပ်သားတွေက ကြောက်ရွံ့စိတ်လွန်ကဲတဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာကြပါ တယ်။ အခုလို အစ္စလာမ်ဘာသာဝင်တွေ အပေါ် ထိတ်လန့်မှု၊ အကြမ်းဖက်လေမလား စိုးရိမ်စိတ်နဲ့ သံသယတွေကြောင့် အမေရိကန်မှာ ရွှေ့ပြောင်းအခြေချ နေထိုင်နေကြတဲ့ မြန်မာ-မွတ်ဆလင်တွေအပေါ်မှာရော ဘယ်လို သက်ရောက်မှုတွေ တွေ့ရသလဲဆိုတာကိုတော့ ဦးယူဆွတ် အက္ကဘဲလ် က အခုလို ပြောပြပါတယ်။

“9/11 ပြီးတဲ့နောက်ပိုင်းမှာ တဘက်က အမြင်စောင်းတာရှိပေမယ့် ကောင်းကျိုးတွေက ဘာလဲဆိုတော့ တကယ် လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ လူတွေ၊ ဘာသာတိုင်းက လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လို့ ယုံကြည်တဲ့လူတွေ အားလုံးက ကျနော်တို့ကို အရင်ထက် ထောက်ခံတာ ပိုများလာတယ်။ Law enforcement တွေကလည်း ကျနော်တို့နဲ့ keep in touch ပိုလုပ်လာတယ်။ ဟိုတခေါက် နယူးဇီလန်မှာ attack ဖြစ်သွားတုန်းကဆိုရင် ကျနော်တို့ ဗလီတွေမှာ ရဲတွေက လာပြီးတော့ စောင့်ပေးကြတယ်။ ကျနော်တို့ဆိုရင် community leaders တွေကို ဖုံးခေါ်တယ်။ ‘ခင်ဗျားတို့က ကျနော်တို့ ဆဲလ်ဖုံးကို ယူထား။ လိုအပ်ရင် လိုအပ်သလိုခေါ်’ ...ဆိုတော့ အဲလိုပုံစံမျိုးနဲ့ support တွေ လုပ်ကြတယ်။ နောက် မီဒီယာတွေကလည်း လာပြီးတော့ အင်တာဗျူးလုပ်တယ်။ သူတို့ကလည်း support လုပ်တယ်။ ဆိုတဲ့သဘောတရားက အကြမ်းဖက်ချင်တဲ့လူတွေကတော့ ရှိမှာပဲ။ society ထဲမှာ။ ဒါပေမဲ့ တဘက်မှာက တကယ် လူ့အခွင့်အရေးကို မြတ်နိုးတဲ့လူတွေက နောက် အစိုးရရဲ့ Law enforcement တွေက မားမားမတ်မတ် principle ပေါ်မှာ ရပ်တည်တဲ့ဟာက ကျနော်တို့ရဲ့ life က ပိုကောင်းတယ်လို့ မြင်တယ်။”

ဒါ့အပြင် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်းဆောင်နေကြတဲ့ ရဲအရာရှိတွေအနေနဲ့ကလည်း တိုင်းပြည်တွင်း အမှန်တကယ် အေးအေး ချမ်းချမ်း နေထိုင်ကြသူတွေအတွက် ဘယ်လို အကာကွယ်ပေး စောင့်ရှောက်သလဲဆိုတာကိုလည်း သူက အခုလို ဆက်ပြောပြပါတယ်။

“9/11 ကို လုပ်သွားတဲ့လူတွေက သူတို့ရဲ့ political ယုံကြည်မှု နဲ့ သူတို့ လုပ်သွားတာပေါ့နော်။ အဲဒီအပေါ်မှာက emotionally ပြည်သူလူထုက react လုပ်တာရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ ခွဲခြားပြီးသိဖို့က Law enforcement က Very neutral. ဆိုတော့ Law enforcement က လိုအပ်ရင်လိုအပ်သလို protection လည်းပေးတယ်။ နောက်တခုက Law enforcement က bias မဖြစ်ဘူး။ တကယ်တန်း သူတို့မှာ hard core evidence နဲ့ တကယ် criminal ဖြစ်တဲ့လူတွေ၊ တကယ် terrorist ဖြစ်တဲ့လူတွေကိုပဲ တကယ် အရေးယူပြီးတော့ တကယ်မဟုတ်တဲ့လူတွေကိုကျတော့ အမေရိကန် legal system က completely protection ပေးတယ်။”

ဒါ့အပြင် အော်ရီဂွန်မှာ ရှိကြတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းဟာ လူ့မှုအသိုင်းအဝိုင်းအတွင်း စည်းလုံးညီညွတ်မှုရဖို့၊ လူငယ်တွေအတွက် ကြိုးစားလိုစိတ်ရှိလာစေဖို့အတွက် အခုလို အစ်ပွဲတော်ကာလမှာ နှစ်ပတ်လည် တွေ့ဆုံမှုအနေနဲ့ အတူတကွ စုဆည်းတွေ့ဆုံကြပြီး ကျောင်း တွေမှာ ထူးချွန်တဲ့ ကလေးတွေကို အသိအမှတ်ပြု၊ ဆုပေးတာတွေသာမက တက္ကသိုလ်တက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ ကိုလည်း ဆက်သွယ်တွေ့ဆုံကြတာတွေနဲ့အတူ လူမှုအသိုင်းအဝိုင်းကို သာယာစည်းလုံးမှုရှိအောင် စီစဉ်ဆောင်ရွက်ပေးနေတဲ့ အကြောင်းကိုလည်း ဦးယူဆွပ် အက္ကဘဲလ် က ပြောပါတယ်။

အခုလို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ မြန်မာ မွတ်ဆလင် အသိုင်းအဝိုင်းက ဥပုသ်လကုန်ဆုံးပြီး အစ်ပွဲတော်ကို ကျင်းပ နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက် ဘဇားမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကလည်း အစ်ပွဲတော် ကျင်းပဖို့ ပြင်ဆင် နေကြပါတယ်။ မွတ်ဆလင်တွေအတွက် အကြီးဆုံး ပွဲတော်ဖြစ်တဲ့ အစ်ပွဲတော်နေ့မှာတော့ Cox’s Bazar ဒုက္ခသည် စခန်းထဲက မွတ်ဆလင် အများစုဟာ ဘာမှ မဝယ်နိုင်မခြမ်းနိုင်ဘဲ ရှိနေကြတဲ့အကြောင်း ဗွီအိုအေသ သတင်းထောက် Muazzem Hossain Shakil က ပြောပါတယ်။ ဒုက္ခသည်စခန်းထဲမှာ ကလေးဦးရေချည့် ၄ သောင်းကျော်ရှိနေပြီး မိဘမဲ့ကလေးတွေက ၈ သောင်းဝန်းကျင်ရှိပြီး သူတို့ဟာ အစ်ပွဲတော်မှာ မပျော်နိုင်ကြဘူးလို့ သူက ပြောပါတယ်။

အစ်ပွဲတော်ကာလမှာ ရိုဟင်ဂျာဒုက္ခသည်အများစုဟာ အဝတ်အထည်သစ်တွေ မဝယ်နိုင်ကြကြောင်း နဲ့ ဒုက္ခသည်စခန်းတွင်း အလုပ်လုပ်ခွင့် ရကြတဲ့ အနည်းစုလောက်နဲ့ နိုင်ငံခြားမှာ ဆွေမျိုးရှိသူတွေလောက်သာ အစ်ပွဲတော်ကာလ ဈေးဝယ်ထွက်နိုင်တယ်လို့ ဆိုပါတယ်။

တချို့ ချမ်းသာတဲ့ ရိုဟင်ဂျာတွေကတော့ သူတို့ဝယ်ချင်တာ ဒုက္ခသည်စခန်းထဲမှာ ဝယ်လို့ မရပေမယ့် သူတို့ကိုယ်တိုင်ကတော့ စီးပွားဖြစ် ရောင်းချပြီး ငွေရှာနိုင်ကြပါတယ်။ Ayub Khan က ဒုက္ခသည်စခန်းတွင်းမှာ ဆိုင်တဆိုင်ဖွင့်ထားနိုင်သူဖြစ်ပါတယ်။

“ဒီဒုက္ခသည်စခန်းထဲက အများစုက ပိုက်ဆံရှိကြတာမဟုတ်ဘူး။ ဒါကြောင့် သူတို့မှာ လိုအပ်ချက်ရှိလည်း မဝယ်နိုင်ကြဘူး။ ဝယ်နိုင်တဲ့သူက အတော့်ကို ရှားပါတယ်။”

အရင် အစ်ဒ်ပွဲတော်တုန်းက အဝတ်အစားသစ်တချို့ကို အကန့်အသတ်နဲ့ ပေးဝေလှူဒါန်းတာမျိုး ရှိခဲ့ပေမယ့် အခု အစ်ဒ်ပွဲတော်အတွင်း မှာတော့ အဲဒီလို လှူဒါန်းတာ မရှိတဲ့အကြောင်း ဘာလုခါလီဒုက္ခသည်စခန်းကနေ ဗွီအိုအေ သတင်းထောက် မူရတ်ဇဲန်း ဟိုစိန် ရှပ်ကဲလ် က ပြောပါတယ်။

No comments:

Post a Comment