Friday, June 7, 2019

ခိုင်းကောင်းသည့် နွားဖြစ်ကြောင်း ပြည်သူသိအောင် ပြည်ခိုင်ဖြိုးက ကြိုးစားပြမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဆို

ခိုင်းကောင်းသည့်နွားဖြစ်ကြောင်း ပြည်သူသိအောင် ပြည်ခိုင်ဖြိုးပါတီက ကြိုးစားပြသွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားလိုက်သည်။ ဇွန် ၅ရက်၊ နေပြည်တော်တွင်ကျင်းပသည့် လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မိတ်ဖက်ပါတီများ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ပြည်သူယုံကြည်အားကိုးလာအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။



''နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့အန္တိမရည်မှန်းချက်က အနီးစပ်ဆုံးရွေးကောက်ပွဲမှာ အနိုင်ရရှိရေးပဲ။ အဲဒီအနိုင်ရရှိရေးကလည်း ကျွန်တော်တို့နိုင်ချင်တိုင်းလည်း နိုင်လို့မရဘူး။ ကျွန်တော်တို့ မဲဆန္ဒရှင်ပြည်သူတွေက မဲပေးရွေးချယ်ပြီးခိုင်းမှ ကျွန်တော်တို့ကလုပ်လို့ရမှာ။ ဒါကြောင့် ကျွန်တော်တို့ အနိုင်ရရှိရေးအတွက်ကိုတော့ ပြည်သူယုံကြည်လာအောင်၊ ပြည်သူအားကိုးလာအောင်၊ ပြည်သူတွေက သူတို့ခိုင်းလို့ကောင်းတဲ့နွားကြီးမှန်းသိအောင်တော့ ကျွန်တော်တို့က ကြိုးစားပြမှာပေါ့။ မဲပေးခြင်း၊ မပေးခြင်းက ပြည်သူတွေနဲ့ပဲဆိုင်တယ်။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားမယ်''ဟု ၎င်းင်းက ပြောသည်။

သို့သော်လည်း ပါတီအောင်နိုင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍မူ မပြောကြားလိုကြောင်း ၎င်းင်းက ဆက်လက်ပြောသည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားများကို ဦးစားပေးလို၍ သော်လည်းကောင်း၊ ဖက်ဒရယ်ဟူသည့်စကားလုံးကို လက်တွေ့ပြသည့်အားဖြင့် လည်းကောင်းဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်လွှတ်တော်နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း လာမည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်၊ မပြိုင်ကိုမူ လက်ရှိအချိန်တွင်မပြောနိုင်သေးကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ အတွင်းရေး မှူးဖြစ်သူ ဦးပိုက်ထွေးကပြောသည်။

No comments:

Post a Comment