Friday, June 7, 2019

ဈေးအသက်သာဆုံး စက်သုံးဆီဆိုင်များဖြစ်သည့် ရန်ကုန်ပက်ထရို (YP) ဆိုင်များ ရန်ကုန်မြို့အနှံ့ဖွင့်မည်

  ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဈေးနှုန်းအသက် သာ ဆုံးဖြင့် ရောင်းချပေးနေသည့် ရန်ကုန်ပက်ထရို (Yangon Petrol) စက်သုံးဆီ ဆိုင်များ ရန်ကုန်မြို့နေရာအနှံ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဦးဟံထွန်းက ပြောသည်။ ဇွန်လ ၅ ရက်နေ့က တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာ ဆောင်ရွက် ချက်များ သတင်း စာရှင်းလင်းပွဲတွင်ဝန်ကြီးဦးဟံထွန်းကအထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



Yangon Petrol(YP) ကုမ္ပဏီ တွင် တိုင်းဒေသကြီးအစိုးရက ရင်းနှီးမြှပ်နှံထားခြင်းမရှိသကဲ့သို့ အစုရှယ်ယာ ဝင်ထားသည့် လုပ်ငန်းမဟုတ်လည်းမဟုတ်ဘဲ တိုင်းအစိုးရအနေဖြင့်ဈေးနှုန်းကြီး ကြပ်နိုင်ရန် သာသဘောတူ ညီချက် ရယူခြင်းသာ ဖြစ်ကြောင်း ဝန်ကြီးဦးဟံထွန်းကပြောသည်။

"လက်ရှိအခြေအနေမှာစက်သုံးဆီဈေးနှုန်းကိုကြည့်မယ်ဆိုရင်တစ်လီတာ ၆၀ ဝန်းကျင်ကွာခြားပါတယ်။ Yangon petro ရှိတဲ့နေရာမှာ ကားတော်တော်များများထည့်ကြတာတွေ့ရပါတယ်။ တစ်တိုင်းလုံးဖြန့် ကျက် ဆောင်ရွက်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

လက်ရှိအချိန်တွင် ပြည်သူအချို့ကလည်း ၄င်းတို့နှင့် နီးစပ်ရာနေရာ များတွင် Yangon Petrol စက်သုံးဆီ ဆိုင်များလာရောက်ဖွင့်ပေးရန် တောင်းဆိုမှုများရှိ နေ ကြောင်း သိရသည်။

ဇွန် ၅ ရက်နေ့ ရန်ကုန်တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများအရ ရန်ကုန်ပက်ထရို (YP) ဆိုင်များ တွင် အောက်တိန်း 92 တစ်လီတာလျှင် ၈၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၈၈၀ ကျပ်၊ Max Energy ဆိုင်တွင် အောက်တိန်း 92 တစ်လီတာလျှင် ၈၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၉၂၀ ကျပ်၊ Denko ဆိုင်တွင် အောက်တိန်း 92 တစ်လီတာလျှင် ၈၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၉၂၀ ကျပ်၊ New Day ဆိုင်တွင် အောက်တိန်း 92 တစ်လီတာလျှင် ၈၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၉၄၀ ကျပ်၊ Terminal ဆိုင်တွင် အောက်တိန်း 92 တစ်လီတာလျှင် ၈၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၉၅၀ ကျပ် တို့ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

ရန်ကုန်ပက်ထရို (YP) အနေဖြင့် လက်ရှိ ရန်ကုန်တွင် ရတနာလမ်းမပေါ်၊ တက်လမ်းအိမ်ရာအနီး၊  ၁၀/တောင် ရပ်ကွက်၊ သာကေတမြို့နယ်၊ ပဲခူးမြစ်လမ်းမပေါ်၊ အိုးအိမ်မှတ်တိုင်အနီး ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-၂၇/၉၊ လူနေ/ရပ်ကွက်အမှတ်-ရွှေပင်လုံအိမ်ရာ၊ (တောင်/မြောက်လမ်းဆုံ)တို့တွင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပြီး ဌာနဆိုင်ရာမြေနေရာ များပေါ်တွင် စုစုပေါင်း စက်သုံးဆီဆိုင် ၂၆ ဆိုင်ဖွင့်လှစ်ရန် တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

No comments:

Post a Comment