Sunday, July 14, 2019

ကချင်ပြည်နယ်တွင် ရေဘေးကြောင့် အခြေခံပညာ ၄၁ ကျောင်း ယာယီပိတ်ထား

 ကချင်ပြည်နယ်ရှိ မြို့ ငါးမြို့တွင် ဧရာဝတီ မြစ်ရေကြီးမှု ကြောင့် အခြေခံပညာ ၄၁ ကျောင်းယာယီပိတ်ထားရသည်ဟု ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး (စီမံ)ဦးသန်းမြင့်အောင်က ပြောသည်။ မိုးဆက်တိုက်ရွာပြီး ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေ၀င်ရောက်နေရာ မြစ်ကြီးနားမြို့ တွင် ၁၅ ကျောင်း၊ ၀ိုင်းမော်မြို့တွင် ကိုးကျောင်း၊ တနိုင်းမြို့တွင် ငါးကျောင်း၊ ဗန်းမော်မြို့တွင် ကိုးကျောင်း၊ ရွှေကူမြို့တွင် သုံးကျောင်း ယာယီပိတ်ထားရသည် ဟု ၎င်းကဆိုသည်။



‘’ဇူလိုင် ၁၁ ရက်က စပိတ်တယ်။ တချို့ကကျတော့ ၁၂ ရက်ရေစတက်လာမှ ပိတ်တယ်။ နောင်မွန်ဘက်မှာ တောင်ပြိုပြီး ကျောင်းတွေတောင်ပါတယ်လို့ ကြားတယ်။ခုအချိန်ထိတော့  ထူးခြားဖြစ်စဉ်တက်မလာသေးဘူး။ မြစ်ကြီးနားက အခု ရေကျပေမယ်လို့ အောက်ပိုင်းက ရေပြန်ကြီးလာ တော့ စာထုတ်ပေးထားတယ်။ ကလေးတွေ အေးချမ်းစွာ စာသင်ကြားနိုင်ရေးအတွက် ထိခိုက်ပျက် စီး ဆုံးရှုံးမှုတွေ မရှိအောင် ရေ၀င်သော ကျောင်းများ၊ မြစ်ကမ်းပြိုသော ကျောင်းများ ယာယီပိတ်ထားဖို့ပေါ့’’ဟု ဦးသန်းမြင့်အောင် က ပြောသည်။

ယာယီပိတ်ထားသော စာသင်ကျောင်းများကို ရေကျပြီးချိန် သန့်ရှင်းရေး ပြုလုပ်ပြီးမှသာ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် ကျောင်းပိတ်ရက်များ၊ ပြင်ပအချိန်များတွင် အစားထိုးသင်ကြားရန် စီစဉ်ထားကြောင်း ကချင်ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ဆိုသည်။ အခြေခံပညာကျောင်းများ နှင့် ကျောင်းသွားရာလမ်းတွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ပါက ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများသည် မိဘဆရာ အသင်းဝင်များ၊ အကျိုးတော်ဆောင်များ ကို အစည်းအဝေး ခေါ်ယူပြီး ကျောင်းပိတ်ရန် သင့်၊ မသင့်ဆုံးဖြတ်ကာ ကျောင်းပိတ်မည့်ရက်ကို မိဘနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပေးရန်၊ ကျောင်းသား၊ ကျောင်းသူများကို မိဘများထံ အပ်နှံပြီးမှ ပြန်လွှတ်ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။

No comments:

Post a Comment