
“ကျွန်တော်တို့ သိတာတော့ အဲဒီနေရာတွေက ပျူခေတ်က သင်္ချိုင်းနေရာတွေပါ။ အရင်ကတော့ မိုးဦးကျဆို ထွန်ကြ ယက်ကြရင် ပုတီးစေ့တွေ အိုးတွေ ရွှေတိုရွှေစတွေ တွေ့ကြတယ်။ အခုကျတော့ သက်သက်တူးဖို့ ပေ၂၀ လောက်အကျယ် မြေတွေကို တစ်သိန်းခွဲ နှစ်သိန်းလောက်နဲ့ ဝယ်ပြီး တူးနေကြတယ်။ ရလာတဲ့ ရှေးဟောင်းပစ္စည်းကျတော့ လာဝယ်သူတွေရှိလို့ ချက်ချင်း ရောင်းလိုက်ကြတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အဲဒီမှာ ဆက်မတူးဖို့ အသိပညာပေးမှုတွေ လာလုပ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ တူးတဲ့လူတွေက တူးနေတုန်းပါပဲ” ဟု မင်းဘူးမြို့ခံ တစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်း အတွင်းရေးမှူး ဦးသူရအောင်က “ကျွန်တော်တို့အသင်း အနေနဲ့တော့ စောင့်ကြည့်နေတယ်ပေါ့။ ကျွန်တော့် personal အရတော့ မကွေးတိုင်း ဝန်ကြီးချူပ်ထံကို ဖုန်းဆက်သွယ် ပြောထားပါတယ်ပေါ့။ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်လောက်က အဲဒီကို တာဝန်ရှိသူတွေ ဆင်းပြီး အသိပညာပေးမှုတွေ၊ ခံဝန်ကတိ ထိုးခိုင်းတာမျိုးတွေ လုပ်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ တူးနေကြတာ အခုအချိန်အထိ မရပ်ဘူးလို့ ဒေသခံတွေက ကျွန်တော့်ဆီကို အကြောင်းကြားလာတယ်။ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ဖုန်းဆက် အကြောင်းကြားလိုက်တော့ သူကတော့ တိုင်းတာဝန်ရှိသူတွေကို ဒါတွေ ဆက်မလုပ်အောင် တားဆီးဖို့ ညွှန်ကြားပြီးပြီတဲ့၊ ဘာကိစ္စ ဒါတွေ ဆက်ဖြစ်နေလဲ ဆိုတာတော့ သူမသိသေးဘူးတဲ့။ ဒါနဲ့ပတ်သက်ပြီး သူအမြန်ဆုံး ဆောင်ရွက်ပေးပါ့မယ် လို့တော့ ပြောပါတယ်။တကယ်တမ်း ပြောရရင်တော့ ဒီအမှုက ရဲအရေးပိုင်တဲ့ အမှုပါ။ ဒီဖြစ်စဉ်က ဘာကိုပြနေလဲ ဆိုတော့ ရှေးဟောင်းပစ္စည်းတွေ ကာကွယ်ဖို့ တာဝန်ရှိတယ် ဆိုတာကို ထိထိရောက်ရောက် အသိပညာပေးမှုတွေ မလုပ်ခဲ့လို့ ဖြစ်တာကို ပြနေတယ်။ ရှေးဟောင်းဌာနလည်း ပါတယ်၊ တခြားဌာနတွေကောပေါ့။ ဒီအမွေအနှစ် ထိန်းသိမ်းရေးက အရေးကြီး ကိုင်တွယ်ရမယ့်ကိစ္စ ဆိုတာကို စိတ်ထဲမရောက်လို့ အခုလိုဖြစ်တာလို့ မြင်ပါတယ်”ဟုပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ရှေးဟောင်း သုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ဇွန်၂၃ ရက် နေ့လယ်ပိုင်းမှ စတင်ပြီး ရှေးဟောင်းသုတေသနဌာန အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါနေရာ၌ ရှေးဟောင်းပစ္စည်းများ တူးဖော်မှု မပြုလုပ်ရန် လာရောက် တားဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
No comments:
Post a Comment