Sunday, May 5, 2019

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်လေးလအတွင်း ရေသန့်လုပ်ငန်း ၃ဝ ကျော်စစ်ဆေးခဲ့ပြီး ထက်ဝက်ကျော်မှာ ကောင်းမွန်သောထုတ်လုပ်မှုမဟုတ်၍ ပိတ်သိမ်းခဲ့ရ

Image may contain: 1 person, standing and outdoorရန်ကုန်တိုင်းဒေသကြီးရှိ ရေသန့်လုပ်ငန်းလုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံ များကို ၂ဝ၁၉ ခုနှစ် စီမံချက်ကာလအဖြစ် စစ်ဆေးရာတွင် ၄ လအတွင်း ရေသန့်လုပ် ငန်း ၃ဝ ကျော် စစ်ဆေးပြီးစီးခဲ့ပြီး ယင်း တို့အနက် ထက်ဝက်ခန့်သည့် စည်းကမ်း လိုက်နာခြင်းမရှိသဖြင့် ပိတ်သိမ်းခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA (ရန်ကုန်)မှ သိရသည်။


''လစဉ်စစ်နေတယ်။ ခရိုင် ၄ ခုမှာ တမြို့နယ် ရေသန့်လုပ်ငန်း ၄ ခုနှုန်းနဲ့ ဝင်စစ်နေပါတယ်။ အဲလိုစစ်တဲ့အခါမှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် ကိုက်ညီမှု ရှိ၊ မရှိအဓိက ထားစစ်တယ်။ GMP မကောင်းဘူးဆိုရင် အဲနေရာကိုပိတ်ထားလိုက်တာပဲ။ လိုင်စင်မရှိရင်လည်း တခါတည်းပိတ်ခဲ့တာပေါ့။ ဒီဇင်ဘာလကုန်ပိုင်းလောက်ကတည်းက စစ်နေတာဆိုတော့ အခုဆို လုပ်ငန်း ၃ဝ ကျော်လောက်ရှိပါပြီ ဒီနှစ်က စီမံချက်နဲ့ ရေသန့်ကို အဓိကထားစစ်တယ်။ ကျွန်တော်တို့ စစ်ဆေးပြီး လုပ်ငန်းတွေမှာ တဝက်လောက်ကပိတ်လိုက်ရပြီ၊ တဝက်လောက်က ကောင်းတယ်။ အဲဒီအထဲမှာမှ တချို့လိုင်စင်မရှိလို့ လုံးဝ ပိတ်သိမ်းလိုက်တာ ၁ဝ ခုကျော်ကျော်လောက် ရှိပါတယ်''ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA (ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ပြောသည်။

ရန်ကုန်တိုင်း FDA အနေဖြင့် ၂ဝ၁၉ ခုနှစ်အတွင်း ရေသန့်ထုတ်လုပ်သည့် စက်ရုံများကို စီမံချက်ကာလအဖြစ် တလ ၄ မြို့နယ်စစ်ဆေးဆောင်ရွက်လျက် ရှိပြီး ယခုလိုစစ်ဆေးဆောင်ရွက်ရာတွင် တလတခါ စစ်ဆေးမည့်မြို့နယ်များကို မဲနှိုက်ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာမင်းဝန်က ပြောသည်။

''အရင်နှစ်တွေက ရေသန့်လုပ်ငန်းတွေကို စစ်တယ်ဆိုတာ ဈေးကွက်ထဲရှိနေတဲ့ ရေသန့်ကိုဝယ်ပြီးတော့ စစ်တယ်။ ရေသန့်မကောင်းမှ လုပ်ငန်းကိုပြန်လိုက်တာပေါ့။ အခုက တိုက်ရိုက်ကိုရေသန့် လုပ်ငန်းတွေအထိ စစ်ဆေးနေတာပါ။ ခရိုင်တခုမှ ဘယ်မြို့နယ်စစ်မလဲဆိုတာ လစဉ်မဲနှိုက်တယ်။ အဲကမှ ပေါက်တဲ့မြို့နယ်ကို သွားစစ်တာပေါ့။ အဲလိုစစ်တဲ့အခါ ရေသန့်လုပ်ငန်းတခုနဲ့ တခုကနီးနေလို့ရှိရင် တပြိုင်တည်း ၄ ခု ၅ ခုဝင်တယ်။ စက်ရုံ က ဝေးနေရင်တော့ ၃ ခုလောက်ပဲဝင်တာ ပေါ့။ အဓိကက GMP ကောင်း၊ မကောင်း စစ်တာပါ''ဟု ၎င်းကပြောသည်။

ယင်းသို့စစ်ဆေးရာတွင် မြို့နယ်အလိုက် တိုင်ကြားသည့်ရေသန့်လုပ်ငန်းများကို စစ်ဆေးခြင်း၊ အစားအသောက် ထုတ်လုပ်ခွင့်လိုင်စင်ရရှိထားသော်လည်း ထောက်ခံချက်သက်တမ်းကုန်ဆုံးနေသည့် လုပ်ငန်းများ၊ ကောင်းမွန်သောထုတ်လုပ် မှုကျင့်စဉ် (GMP)နှင့် ကိုက်ညီမှုမရှိသည့် ရေသန့်လုပ်ငန်း ၁၆ ခုခန့်ကို ပိတ်သိမ်း အရေးယူခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးထုတ်လုပ်ရောင်းချခြင်းမပြုရန် ညွှန်ကြားထားကြောင်းနှင့် လိုက်နာမှုမရှိပါက အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူသွားမည်ကို ခံဝန်ကတိရေးထိုးသတိပေးခဲ့ ကြောင်း သိရသည်။

''အခုက အပူချိန်များတဲ့အတွက်ကြောင့် ရေပြတ်လပ်မှုတွေလည်း ရှိမှာပါပဲ။ ရေသန့်ဆိုလည်း စိတ်ချရတဲ့ရေသန့်ဖြစ်တဲ့ ထုပ်ပိုးမှုပြည့်စုံမယ်၊ ထုတ်လုပ်မှုလိုင်စင်ရှိမယ်၊ ပို့တဲ့အခါမှာလည်း ညစ်ပတ် ပေရေနေပြီးပို့တာမျိုးမဟုတ်တာကို ဦးစားပေးသောက်သုံးသင့်ပါတယ်။ ကိုယ့်အိမ်မှာလည်းပဲ ရေရှိတယ်ဆို ကျိုချက်ပြီး သောက်ကြပါ''ဟု ဒေါက်တာမင်းဝန်က ဆက်လက်ပြောသည်။

၂ဝ၁၉ ခုနှစ် ၄ လအတွင်း တောင် ဥက္ကလာပမြို့၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ တွံတေးမြို့နယ်၊ ဒဂုံမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ တောင်ဒဂုံ၊ အင်းစိန်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပမြို့နယ် အစရှိသည့်မြို့နယ်များမှ ရေသန့် လုပ်ငန်းများကို စစ်ဆေးခဲ့ကြောင်း FDA (ရန်ကုန်)မှ သိရသည်။

ယင်းသို့စစ်ဆေးရာတွင် ထောက်ခံချက်မရှိသည့် ရေသန့်လုပ်ငန်း၊ GMP ကိုက်ညီမှုမရှိသည့် ရေသန့်လုပ်ငန်းများဖြစ်သည့် အေးမြကြည်သောက်ရေသန့်၊ ဇမ္ဗူကျော်သောက်ရေသန့်၊ ကောင်းကင်ကြယ်၊ သဇင်ပန်း၊ GOLDEN FISH PRIME, AYE CHAN , SHINE HTET ၊ အေးချမ်း၊ PYAE ၊ သိန်း အစရှိသည့် သောက်ရေသန့်လုပ်ငန်းများကို ပိတ်သိမ်းထားကြောင်း FDA (ရန်ကုန်)မှ သိရသည်။

No comments:

Post a Comment