Sunday, May 5, 2019

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေး စီမံကိန်း လှိုင်သာယာ-ပါရမီလမ်းကြောင်း ဧရိယာအတွင်း မေ ၆ ရက်နောက်ပိုင်း အဆောက်အအုံအသစ် တည်ဆောက်၊ ပြုပြင်တိုးချဲ့ခြင်း၊ မြေယာလွှဲပြောင်း ရောင်းချခြင်းများ ပြုလုပ်ပါက လျော်ကြေးနှင့် ကရုဏာကြေးရရှိမည် မဟုတ်ကြောင်း မြို့တော်စည်ပင် ထုတ်ပြန်

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေး စီမံကိန်း လှိုင်သာယာ-ပါရမီ လမ်းကြောင်း ဧရိယာအတွင်း မေ ၆ ရက်နောက်ပိုင်း အဆောက်အအုံအသစ် တည်ဆောက်ပြုပြင် တိုးချဲ့ခြင်း၊ မြေယာလွှဲပြောင်း ရောင်းချခြင်းများ ပြုလုပ်ပါက လျော်ကြေးနှင့် ကရုဏာကြေး ရရှိမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အမိန့်ကြော်ငြာ စာအမှတ် (၃၂/၂၀၁၉) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို မြို့တော်ဝန် ဦးမောင်မောင်စိုးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၇ နှင့် ၃၃၆ ပါပြဋ္ဌဌာန်းချက်များအရ ရန်ကုန်မြို့ပြလူထု ရထားပို့ဆောင်ရေး စီမံကိန်း (Yangon Urban Mass Repid Transit – YUMRT) အတွက် စီမံကိန်း အကျုံးဝင်သည့် နောက်ဆုံးနေ့ကို အများပြည်သူ သိရှိရန် ကြေညာခြင်းဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့သည် ရန်ကုန်မြို့ပြလူထု ရထားပို့ဆောင်ရေး စီမံကိန်းကို ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းစီမံကိန်းတွင် ရန်ကုန်မြို့ အရှေ့-အနောက် ဆက်သွယ် သွားလာနိုင်မည့် ရထားလမ်းကြောင်း အပိုင်း (၁) လှိုင်သာယာ-ပါရမီ လမ်းပိုင်း အရှည် ၁၈ ကီလိုမီတာကို ကနဦး တည်ဆောက်မည် ဖြစ်ကြောင်း၊ လမ်းကြောင်းသည် လှိုင်သာယာဘူတာမှ စတင်ပြီး ရန်ကုန်-ပုသိမ် လမ်းအတိုင်း လှိုင်မြစ်ကို ဖြတ်ကျော်၍ ပါရမီလမ်းအတိုင်း ပါရမီဘူတာအထိ ဖြစ်ကြောင်း၊ လိုအပ်သော လမ်းအကျယ်သည် ရန်ကုန်-ပုသိမ်လမ်း တစ်လျှောက်တွင် ၂၉ မီတာနှင့် ပါရမီလမ်း တစ်လျှောက်တွင် ၂၂ မီတာ ဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်မြို့ပြလူထု ရထားပို့ဆောင်ရေး စီမံကိန်းဆောင်ရွက်ရာတွင် ရထားလမ်းတစ်လျှောက် အကျိုးသက်ရောက်မည့် နေရာများသည် လှိုင်သာယာဘူတာ ပရိဝုဏ်အတွင်း  YUMRT ယာဒ်ဝင်း တည်ဆောက်ရန်အတွက် ၅၄ ဒသမ ၃၆ ဧက (၂၂ ဟက်တာ)၊ ရန်ကုန်-ပုသိမ်လမ်း တစ်လျှောက်တွင် ရထားလမ်း၏ အလယ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ ၁၄ ဒသမ ၅ မီတာအကျယ်၊ ပါရမီလမ်း တစ်လျှောက်တွင် ရထားလမ်း၏ အလယ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ ၁၁ မီတာအကျယ်ဖြစ်ကြောင်း သိရသည်။ YUMRT စီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းဧရိယာအတွင်း မြေသိမ်းဆည်းရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြန်လည် နေရာချထားရေး ပံ့ပိုးမှုများ ပေးအပ်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် မေ ၆ ရက်ကို အကျုံးဝင်သည့် နောက်ဆုံးရက်စွဲ Cut-off Date (COD) အဖြစ် တရားဝင်ထုတ်ပြန် ကြေညာကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်ခြင်း မူဝါဒနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက ချမှတ်ထားသော စံနှုန်းများနှင့်အညီ ၂၀၁၉ မတ် ၆ ရက်မှ ဇွန် ၃၀ ရက်ကာလသည် စီမံကိန်း သက်ရောက်မည့် ဧရိယာ တစ်ခုလုံးကို စစ်တမ်းကောက်ယူမည့် လျာထားကာလ ဖြစ်ကြောင်း၊ COD နေ့ရက်သည် အထက်ဖော်ပြပါ မူဝါဒစံနှုန်းများနှင့်အညီ စစ်တမ်းကောက်ယူမည့် ပထမဆုံးနေ့ရက်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ COD နေ့ရက် နောက်ပိုင်း စီမံကိန်းနယ်မြေအတွင်း တည်ရှိသော အဆောက်အအုံများကို ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆောက်အအုံသစ် တည်ဆောက်ခြင်း၊ မြေယာလွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ အတွက် မြေယာလျော်ကြေးနှင့် ပြန်လည်နေရာချထားရေး၊ ကရုဏာကြေး ပံ့ပိုးမည့် အစီအစဉ်များ ရရှိခံစားနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment