Sunday, May 5, 2019

အစ္စရေး- ဂါဇာအကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြန်ဖြစ်

ဂါဇာကမ်းမြှောင်ရှိ စစ်သွေးကြွတွေက ယမန်နေ့ မေ ၄ ရက်မှာ အစ္စရေးဘက်ခြမ်းကို ဒုံးကျည် အစင်း ၂၀ဝ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းနောက် အစ္စရေးတို့ကလည်း ပါလက်စတိုင်း နယ်မြေဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ၊ တင့်ကား ပစ်ခတ်မှုတွေနဲ့အတူ ပြန်လည် လက်တုန့်ပြန်ခဲ့ပါတယ်။ ယင်း အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း ဂါဇာဘက်ခြမ်းက ဟားမားစ် စစ်သွေးကြွတွေရဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးတစ်ဦး ဗုံးဆန်ထိမှန် သေဆုံးသွားခဲ့ပါတယ်။ တစ်ဘက်မှာလည်း အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် မိခင်နဲ့ ကလေး သားအမိနှစ်ဦးအပါအဝင် ပါလက်စတိုင်း လေးဦး သေဆုံးသွားကြောင်း ဂါဇာ တာဝန်ရှိသူတွေက ပြောပါတယ်။



ခုလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လည်း နှစ်ဘက်အကြား ရရှိထားတဲ့ အပစ်ရပ် သဘောတူထားမှုကလည်း တစ်ဖန် ပြန်လည် ပျက်ပြားသွားခဲ့ရပြီ ဖြစ်ပါတယ်။

လက်ရှိမှာ အစ္စရေး-ဂါဇာ အကြား ရေရှည် အပစ်အခတ် ရပ်စဲမှု ရရှိရေး ရည်ရွယ်ပြီး အီဂျစ်နဲ့ ကုလသမဂ္ဂတို့က ကြားဝင်ညှိနှိုင်းပေးဖို့ အားထုတ်နေပေမယ့်လည်း ယခု နောက်ဆုံးပေါ်ပေါက်လာတဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့အတူ နှစ်ဘက်အကြား ရန်လိုမှုတွေက တစ်ဖန် အရှိန်ပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် တူရကီ သတင်းအေဂျင်စီ Anadolu ရဲ့ ရုံးခန်းတွေကို ထိမှန်ခဲ့လို့ အစ္စတန်ဘူလ်ဘက်က ပြစ်တင်သွားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ အစ္စရေးအကြား ၂၀ဝ၈ နောက်ပိုင်း အဓိကစစ်ပွဲ သုံးကြိမ် တိုက်ခိုက်ထားပြီး ယခုအခါမှာ လေးကြိမ်မြောက် စစ်ပွဲထပ်ဖြစ်လာမှာကို စိုးရိမ်ပူပန်နေရလျက်ရှိပါတယ်။

No comments:

Post a Comment