Sunday, May 5, 2019

တောင်ငူရဲစခန်းရှေ့ သက်သေခံ မော်တော်ယာဉ်အတွင်းမှ ပုတ်ပွသေဆုံးနေသော မိန်းကလေးငယ်နှစ်ဦး အလောင်းအားတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းရှေ့ရှိ သက်သေခံအဖြစ် သိမ်းဆည်းထားသော မော်တော်ယာဉ် အတွင်းမှ ပုတ်ပွသေဆုံးနေသော မိန်းကလေးငယ် နှစ်ဦး၏ အလောင်းအား မေ ၅ ရက် နံနက်ပိုင်းက တွေ့ ရှိခဲ့ပြီး အဆိုပါ အလောင်းများ တွေ့ရှိမှုနှင့်ပတ်သက်၍ သေမှုသေခင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားကြောင်း တောင်ငူမြို့  အမှတ်(၂)နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မေ ၅ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က တောင်ငူမြို့ အမှတ် ၁၅ ရပ်ကွက်၊ အမှတ် (၂) နယ်မြေရဲစခန်းရှေ့ ခြံစည်းရိုးအပြင်ဘက်မှ ရေမြောင်းအား ပြန်လည်တူးဖော်နေစဉ် ရေမြောင်းတူးသော အလုပ်သမားအဖွဲ့မှ ရဲစခန်းရှေ့ရှိ သက်သေခံ မော်တော်ယာဉ်များ သိမ်းဆည်းထားသော နေရာရှိ မော်တော်ယာဉ်များအနက် ယာဉ်အမှတ် 7F/7579 Honda ODYSSEY အတွင်းမှ အပုတ်နံ့ရကြောင်း သတင်းပို့၍ ရှာဖွေစစ်ဆေးရာမှ မော်တော်ယာဉ်အတွင်း ပုတ်ပွသေဆုံးနေသော မိန်းကလေးနှစ်ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိန်းကလေးငယ်နှစ်ဦး အလောင်းအား တွေ့ရှိသည့် အခြေအနေနှင့် ပတ်သက်ပြီး ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးက “ကလေးတွေမြောင်းဖော်တယ်။ မြောင်းဖော်တော့ အဲ့ဒီကားနားမှာတဲ့ အနံ့ထွက်တယ်တဲ့။ အနံ့ထွက်တော့ ဖော်လို့မရဘူးပေါ့နော်။ ဖော်လို့မရဘူးဆိုတော့ အဲ့ဒါနဲ့ ကျွန်တော်က ရဲကိုအကြောင်းကြား လိုက်တယ်။ ရဲတွေပါလာပြီးတော့ အဲ့ဒါကို ကြည့်လိုက်တော့ သေတာတွေ့တယ်။ သေတာက ကလေးနှစ်ယောက် မိန်းကလေးနှစ်ယောက်ပေါ့။ စိန်ပန်းမြိုင် ရပ်ကွက်ထဲကပေါ့။ ဘယ်အရွယ် လောက်တွေတုန်း ဆိုတော့ ၈ နှစ် ၉ နှစ်လောက်တော့ရှိမယ်။ သေတဲ့အနေအထားကတော့ ထိုင်ခုံကြားထဲမှာ ညှပ်နေတာ။ သေတဲ့ရက်ကတော့ ၂ ရက် ၃ ရက်လောက်တော့ရှိပြီ” ဟုပြောကြားသည်။


သေဆုံးသူ မိန်းကလေးငယ် နှစ်ဦးမှာ အသက် ၅ နှစ် ၆ နှစ်ခန့် အရွယ်ရှိကာ ပြီးခဲ့သော ၅ ရက်ခန့်က သေဆုံးနေသော အနေအထားဖြစ်ပြီး အနီးတွင်လည်း မူးဝေအော့အန်ထားခြင်း လက္ခဏာများနှင့် မိန်းကလေး တစ်ဦးမှာ မိန်းမတန်ဆာမှ အူများထွက်လျှက် အနေအထားဖြင့် မော်တော်ယာဉ် နောက်ခန်း၏ ထိုင်ခုံများရှေ့ ခြေနင်းနေရာတွင် အထက်အောက် သေဆုံးနေခဲ့ကြခြင်း ဖြစ်ကြောင်း၊ သေဆုံးနေသော ကလေးနှစ်ဦး အလောင်းအား တောင်ငူမြို့ အမှတ်(၆)ရပ်ကွက်၊ နာရေးကူညီမှုအသင်း မော်တော်ယာဉ်ဖြင့် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ နံနက် ၉ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပုတ်ပွသေဆုံးနေသော ကလေးနှစ်ဦး အလောင်းအား နာရေးကူညီမှု မော်တော်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့သူ ကိုသူရအောင်က “ဖုန်းဝင်လာတယ်။ အမှတ်(၂)စခန်းရယ် စိန်မေတ္တာကိုသက်ရယ်က ဖုန်းလှမ်းဆက်တယ်။ အမှတ်(၂) ရဲစခန်းရှေ့မှာ ကလေးလေး နှစ်ယောက် သေနေတယ်ဆိုလို့ ကျွန်တော် Deadbody ကားထုတ်ပြီးတော့ ထွက်လာတယ်။ ဟိုရောက်တော့ ကားထဲကနေ ကလေးလေး

နှစ်လောင်းကို ထုတ်ရတယ်၊ ပုတ်ပွနေပြီ ကလေးလေးတွေက အဲ့ဒါနဲ့ ကျွန်တော်တို့ ကလေးလေး နှစ်လောင်းကို အရေးပေါ်ဌာနကို ပို့ဆောင်ပေးပြီးတော့ အခု ရင်ခွဲရုံထဲကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

မော်တော်ယာဉ်အတွင်း သေဆုံးနေသော အမည်မသိ မိန်းကလေး ငယ်နှစ်ဦးမှာ အခြေအနေမဲ့ လှည့်လည် သွားလာသူများ ဖြစ်နိုင်ပြီး ယာဉ်အတွင်း ဝင်ရောက်နေထိုင်စဉ် အသက်ရှူ မွန်းကြပ်၍ သေဆုံးသည်ဟု ယူဆရကြောင်း၊ ပြင်ပဒဏ်ရာများ တစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိပဲ ၄င်းတို့သေဆုံးနေသော မော်တော်ယာဉ်မှာ အမှတ် (၂) နယ်မြေရဲစခန်းမှ ဖမ်းဆီးထားသော မယ (ပ) ၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ-၁၆ (ဂ) မြို့နယ် တရားသူကြီးရုံး ရာကြီးအမှတ် (၂၀၉၉) ဖြင့်သိမ်းဆည်းထားသော မော်တော်ယာဉ်ဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမည်မသိ မိန်းကလေးငယ်နှစ်ဦး သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် တောင်ငူမြို့အမှတ်(၂)နယ်မြေရဲစခန်း မှသေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၉)ဖြင့် အမှုဖွင့် ဆောင်ရွက်ကာ ပုတ်ပွသေဆုံးနေသော မိန်းကလေးငယ်နှစ်ဦး အလောင်းအား တောင်ငူဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်၍ တောင်ငူပြည်သူ့ ဆေးရုံကြီးမှ ပီအာအမှတ်(၈/၉)ဖြင့် လက်ခံစစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်းနှင့် ပုတ်ပွသေဆုံးနေသူ မိန်းကလေးငယ်၏ မိဘဆွေမျိုးများအား စုံစမ်းစစ်ဆေး ရှာဖွေလျက်ရှိကြောင်း တောင်ငူအမှတ်(၂)နယ်မြေ ရဲစခန်းမှ သိရသည်။

No comments:

Post a Comment