Sunday, May 5, 2019

မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်နေ့လျှင် လူ ၅၀ဝ ကျော်အထိ ရှိနေဟုဆို

မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်နေ့လျှင် လူဦးရေ ၅၀ဝ ကျော်အထိရှိနေပြီး ဆေးရုံ တက်ကုသမှုနှင့် လူသေဆုံးမှု အများဆုံးစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ “ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတာက ၂၀၁၃ ခုနှစ်မှာ တစ်နေ့ကို ၂၉၁ ဦးရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၅၁၆ ဦးအထိ တက်လာတယ်။ သေဆုံးမှုနှုန်းကလည်း ၂၀၁၃ ခုနှစ်တုန်းက ကိုးဦးကနေ အခု ၁၆ ဦးလောက် နေ့စဉ်သေဆုံး နေပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။



မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူ ၁၆ ဦးနှုန်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးနေရပြီး ဆေးရုံတက် ကုသမှုနှင့် လူသေဆုံးမှု အများဆုံး စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ရရှိသည့် အချက်အလက်အရ သိရသည်။


မြန်မာနိုင်ငံတွင် မကူးစက်တတ်သော ရောဂါများ၏ ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးနှုန်းများသည် ကူးစက်ရောဂါများ ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းတို့ထက် ပိုမိုမြင့်မားလာနေကြောင်း၊ မကူးစက်တတ်သော ရောဂါများကြောင့် သေဆုံးနှုန်းသည် သေဆုံးမှုအားလုံး၏ ရာခိုင်နှုန်း ၆၀ ဖြစ်နေကြောင်းနှင့် ယာဉ်မတော်တဆမှုကြောင့်ဖြစ်သည့် ရောဂါများသည် မကူးစက်တတ်သော ရောဂါများတွင် ပါဝင်ပြီး ယာဉ်အန္တရာယ်သည်လည်း မြန်မာနိုင်ငံ၏ လူမှုစီးပွား တိုးတက်သည်နှင့်အတူ မြင့်မားလာလျက် ရှိကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်က စာရင်းကို ကြည့်မယ်ဆိုရင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ တစ်နှစ်အတွင်း လူဦးရေ ၄၆၀ဝ ကျော် ရှိခဲ့သလို ဒဏ်ရာရသူ ၂၆၀ဝ၀ ကျော်ထိ ရှိခဲ့တယ်။ တစ်နေ့တစ်နေ့ တွက်ကြည့်ရင် တစ်နေ့ကိုလူ ၁၃ ယောက်နှုန်း သေနေတယ်။ ကမ္ဘာပေါ်မှာလည်း အလားတူပဲ။ သေတဲ့သူတွေကို ကြည့်လိုက်ရင် အသက် ၁၅ နှစ်က ၄၅ နှစ်ကြား အလုပ်လုပ်နိုင်တဲ့ အရွယ်တွေက အများဆုံး ဖြစ်နေတယ်။ ဒါကြောင့် သူ့ရဲ့အကျိုးသက်ရောက်မှုက ကြီးမားပါတယ်။ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှုဖြစ်တာ အများဆုံးက မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပါတယ်။ ဆုံးရှုံးနစ်နာမှုကလည်း လူငယ်လူလတ်ပိုင်းတွေ ဖြစ်တဲ့အတွက် ဆုံးရှုံးမှုကြီးတယ်။ ယာဉ်အန္တရာယ်ကို ကာကွယ်တဲ့နေရာမှာ ပညာပေးတာတွေ၊ အရေးယူ အပြစ်ပေးတာတွေ လုပ်ရမယ်။ လမ်းတွေ၊ တံတားတွေ ဆောက်တဲ့နေရာမှာ အင်ဂျင်နီယာ ဒီဇိုင်းတွေ လိုပါမယ်။ ရာသီဥတု၊ သဘာဝဘေးဒဏ်လည်း ကြိုတင်ပြင်ဆင်ဖို့ လိုပါမယ်။ နောက်တစ်ခုကတော့ အရေးပေါ် အသက်ကယ် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ အရေးပေါ် အသက်ကယ် ကျန်းမာရေး စောင့်ရှောက်မှု အားကောင်းလာဖို့ လုပ်နေတာတွေ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အရေးပေါ် လူနာတစ်ယောက်ကိုတွေ့ရင် ပြုစုစောင့်ရှောက်ရမယ်။ ဆေးရုံဆေးခန်းတွေကိုလာရင် ယာဉ်တိုက်မှုက ရဲအရေးပိုင်တဲ့ အမှုဖြစ်လို့ မကုရဘူးလို့ အရင်တုန်းက ယူဆထားတာကို ပယ်ဖျက်နိုင်ဖို့ ဥပဒေတောင် ကျွန်တော်တို့ လုပ်ထားပါတယ်။ ပြီးတော့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေ တည်ထောင်နေတယ်။ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အရေးပေါ် ကျန်းမာရေးစနစ် ပေါ်ပေါက်ဖို့ အတွက်လည်း ဆောင်ရွက်နေတာတွေ ရှိပါတယ်” ဟု ဆေးတက္က သိုလ် (၁) ရန်ကုန်၊ ပါမောက္ခချုပ်၊ အရိုးအထူးကုဆရာဝန် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။   

No comments:

Post a Comment