Sunday, May 5, 2019

ခန္တီးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

ခန္တီးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ငလျင်သည် ၂၀၁၉ ခုနှစ်၊ မေ ၄ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီ၊ ၃၄ မိနစ်၊ ဝ၁ စက္ကန့်အချိန်တွင် မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင် ၁၂၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ခန္တီးမြို့၏ မြောက်ဘက် ၁၄ မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၆ ဒသမ ၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၇၀ ဒီဂရီ၊ အနက် ၉၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်သည်။



“အခုလှုပ်ခဲ့တဲ့နေရာ ကဘော်ပြတ်ရွေ့လည်း ရှိတယ်။ အိန္ဒိယ-မြန်မာ မြေထုချပ်လည်း ရှိတယ်။ လှုပ်သွားတာက ညနေ ၅ နာရီ ၃၄ မိနစ်ကျော်မှာ လှုပ်သွားတာ၊ ခန္တီးမြို့က အနည်းငယ် သတိပြုခဲ့မိတယ်။ အဲနားလေးမှာ မကြာခဏ လှုပ်တယ်။ နေ့စဉ်နီးပါးလောက်ကို မကြာခဏလှုပ်တယ်။ အင်အား အနည်းအများတော့ ရှိတာပေါ့” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။ မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊  ကုလားတန် ပြတ်ရွေ့များပေါ်တွင် တည်ရှိနေခြင်းကြောင့် ငလျင်အန္တရာယ်သည် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် လူ ၇၆ ဦး သေဆုံးခဲ့ပြီး၊ ၂၀၁၂ခုနှစ်တွင် သပိတ်ကျင်းမြို့အနီးတွင် စစ်ကိုင်းပြတ်ရွေ့မှ လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် လူ ၂၆ သေဆုံးခဲ့ပြီး အိုးအိမ်ပစ္စည်းများ ပျက်စီးခြင်း၊ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြေငလျင်လှုပ်ခတ်မှုများကို ဖြစ်စေသည့် ပြတ်ရွေ့ကြောများ အနီးတစ်ဝိုက်တွင် နေထိုင်သူများ အနေဖြင့် မိမိတို့ နေထိုင်ရာ နေရာဒေသများတွင် ငလျင်များ ဆက်တိုက်လှုပ်ခတ်လာပါက ကြိုတင်ပြင်ဆင်မှု အစီအမံများ၊ ပညာပေး ဟောပြောပို့ချမှုများ မကြာခဏ ပြုလုပ်သင့်ကြောင်း မြေငလျင် ပညာရှင်များက ပြောကြားထားသည်။

No comments:

Post a Comment