Sunday, May 5, 2019

ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး ကင်မ်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ဟု မြောက်ကိုရီးယား ထုတ်ပြန်

 တာဝေးပစ် အမျိုးအစားစုံ ဒုံးကျည်လောင်ချာတွေနဲ့ တာတိုပစ် ပဲ့ထိန်းလက်နက်တွေကို စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အဆိုပါ စမ်းသပ်ပစ်ခတ်မှုတွေကို မေလ ၄ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယား မီဒီယာ KCNA က ပြောပါတယ်။



ဒါ့အပြင် တာတိုပစ် ကျည်ဖူးတွေကိုလည်း  ယင်းနေ့မှာပဲ ဟိုဒို ကျွန်းဆွယ်ကနေ ဂျပန်ပင်လယ်တွင်းကို ပစ်လွှတ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ နိုင်ငံရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို  မြှင့်တင်ဖို့အတွက် စမ်းသပ်ဖို့ ခေါင်းဆောင် ကင်မ်က ညွန်ကြားခဲ့တာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

“ ခု စမ်းသပ်ပစ်ခတ်ရခြင်းရဲ့ ရည်ရွယ်ချက်က စစ်ရေးစွမ်းရည်ကို တွက်ချက် စစ်ဆေးဖို့၊ ဒုံးလက်နက်တွေရဲ့ တိကျနိုင်မှုကို စစ်ဆေးဖို့ ဖြစ်ပါတယ်” လို့ KCNA က ထုတ်ပြန်ပါတယ်။ ယင်းနောက် မြောက်ကိုရီးယားခေါင်းဆောင် မစ္စတာ ကင်မ်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးဆီ သွားရာလမ်းကို ထိခိုက်အောင် မလုပ်ဘူးလို့ မိမိဘက်က ယုံကြည်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တွစ်တာကနေတဆင့် ပြောသွားခဲ့ပါတယ်။

No comments:

Post a Comment