Sunday, May 5, 2019

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီမှ ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့် ကုန်းမြင့်ဒေသများတွင် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပွားနိုင်သဖြင့် သတိပြုရန်လို

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီမှ ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့် ကုန်းမြင့်ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပွားနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးကပြောကြားသည်။ “မုန်တိုင်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် အထက်ပိုင်းဒေသတွေ၊ ကုန်းမြင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်ဒေသတွေမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးရွာနိုင်တာဆိုတော့ မြေပြိုမှု အန္တရာယ်ကို သတိပြုသင့်တယ်။ မုန်တိုင်းက တဖြည်းဖြည်း မုန်တိုင်းငယ်အဖြစ်နဲ့ အားပျော့ ပျက်ပြယ်သွားမယ့် အနေအခြေအနေရှိတယ်”  ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။



ဆိုင်ကလုန်းမုန်တိုင်း ဖန်နီနှင့်ပတ်သက်ပြီး မိုးဇလက မေ ၄ ရက် ထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂ္လားပြည်နယ်ပေါ်တွင် တည်ရှိနေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး ဆိုင်ကလုန်းမုန်တိုင်း ဖန်နီအဖြစ်သို့ အားလျော့သွားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၏ မြောက်-အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် ဆက်လက် တည်ရှိနေကြောင်း၊ အဆိုပါဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း ဖော်ပြထားသည်။


ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် နောက် ခြောက်နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ အားလျော့နိုင်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း မိုးဇလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ၏ အရှိန်ကြောင့် မေ ၄ ရက်မှ ၅ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သ࿿ာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျ ရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်သည် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၃ ပေခန့်ရှိနိုင်ကြောင်း သိရသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်း ဖန်နီ၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘ࿿ောများအနေဖြင့်လည်း ကြိုတင် သတိပြုရန် မိုးဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment