
ဘာရှားရာထူးမှ ဖယ်ရှားခံရပြီးနောက် အာဏာကိုထိန်းချုပ်ထားသည့် ဗိုလ်ချုပ်များအား ရာထူးစွန့်လွှတ်ရန် ခါတွန်ရှိ စစ်ဌာနချုပ်အပြင်ဘက်တွင် သီတင်းပတ်နှင့်ချီ စခန်းချ၍ ဆန္ဒပြသူ ထောင်ပေါင်းများစွာက ထိုင်သပိတ်ပြုလုပ်နေစဉ် ဗိုလ်မှူးတစ်ဦးနှင့် ဆန္ဒပြသူတစ်ဦး ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
ထိုထိုင်သပိတ်ပြုလုပ်နေသူများထံ မည်သူမှန်းမသိရသူများက ပစ်ခတ်မှုများကြောင့် စစ်သားသုံးဦးနှင့် ဆန္ဒပြသူ၊ အရပ်သားများစွာ ဒဏ်ရာရခဲ့ကြောင်း အာဏာထိန်းချုပ်ထားသည့် စစ်ဘက်ကောင်စီက ထုတ်ပြန်ခဲ့သည်။ နောက်ထပ်ဆန္ဒပြသူ လေးဦးသည်လည်း ပစ်သတ်ခံခဲ့ရကြောင်း ဆန္ဒပြလှုပ်ရှားမှုနှင့် ဆက်နွှယ်သည့် ဆရာဝန်များကော်မတီက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော်လည်း ထိုင်သပိတ်ပြုလုပ်စဉ် အသတ်ခံရခြင်း ဟုတ်၊ မဟုတ်ကို အတိအကျ မထုတ်ပြန်ခဲ့ပေ။
ဆန္ဒပြသူများအကြား လက်နက်ကိုင်ဆောင်ထားသူအချို့က စိမ့်ဝင်ထိုးဖောက်ခဲ့ကြောင်းကို သတိပြုမိခဲ့ကြောင်း စစ်ဘက်ကောင်စီက ညဘက်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ ထိုပစ်ခတ်မှုများသည် စစ်ဗိုလ်ချုပ်များနှင့် ညှိနှိုင်းမှုများတွင် တိုးတက်မှုများကို နှောင့်ယှက်ရန်ဖြစ်ကြောင်း၊ အစိုးရဟောင်းမှ ပြည်သူ့စစ်များ၏ လက်ချက်ဖြစ်ကြောင်း ဆန္ဒပြလှုပ်ရှားမှုဦးဆောင် အဖွဲ့ဖြစ်သည့် Alliance for Freedom and Change က ထုတ်ပြန်ခဲ့သည်။
အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ထံ အာဏာလွှဲပြောင်းပေးရန်အတွက် ဆွေးနွေးမှုများတွင် တိုးတက်မှုအချို့ရရှိခဲ့ကြောင်း ဗိုလ်ချုပ်များနှင့် ဆန္ဒပြအဖွဲ့က မေ ၁၃ ရက် အစောပိုင်းတွင် ကြေညာခဲ့သည်။ ゞင်းတို့သည် အချုပ်အခြာအာဏာပိုင်ကောင်စီ၊ အစိုးရ အဖွဲ့နှင့် ဥပဒေပြုအဖွဲ့ စသည်တို့ကို ဖွဲ့စည်းပုံနှင့် အခွင့်အာဏာတို့အတွက် သဘောတူညီချက်ရရှိခဲ့ကြောင်း ဆန္ဒပြလှုပ်ရှားမှုအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် တာဟာအိုစမန်က ပြောကြားခဲ့သည်။ အသွင်ကူးပြောင်းရေးကာလ နှင့် ထိုအဖွဲ့များ ပေါင်းစပ်ဖွဲ့စည်းမှုကို မေ ၁၄ ရက်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ゞင်းက ပြောကြားခဲ့သည်။
အသွင်ကူးပြောင်းရေးကာလအား နှစ်နှစ်သတ်မှတ်ရန် စစ်ဘက်ကောင်စီက လိုလားနေသော်လည်း ဆန္ဒပြသူများကမူ လေးနှစ်သတ်မှတ်ရန် လိုလားနေသည်။
ဆန္ဒပြသူများအား သတ်ဖြတ်ရန် လှုံ့ဆော်မှုနှင့် ပါဝင်မှုတို့အတွက် သမ္မတဟောင်း ဘာရှားနှင့် အခြားသူများအား စွဲချက်တင်ခဲ့ကြောင်း ဆူဒန်ယာယီအစိုးရရှေ့နေချုပ် အယ်ဝါလိဆေယက်အာမက်က ပြောကြားခဲ့သည်။ မြို့တော်အရှေ့ဘက် ဘာရီတွင် ဆန္ဒပြမှု၌ ဆေးဘက်ဝန်ထမ်းတစ်ဦး အသတ်ခံရမှုအား စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် ယင်းကဲ့သို့ စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment