ကြက်ပျောက်၊ ဘဲပျောက်တွေ တိုင်ကြားမှုများပြားလာတဲ့အခါ ရဲတပ်ဖွဲ့က လင်ရွိုင်ကောင်တီမှာ စောင့်ကြည့်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး စောင့်ကြည့်မှုတွေအရ ညနက်အချိန်မှာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစီးက ကြက်ခြံတွေဆီ မကြာခဏ သွားလာလေ့ ရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။
ဆက်စပ်စုံစမ်းမှုတွေအရ ဒီဆိုင်ကယ်ဟာ ဒေသတွင်းမှာနေထိုင်တဲ့ သူဌေးတဦးဖြစ်သူ ကွင်ရဲ့ နေအိမ်ထဲဝင်ရောက်သွားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ကွင်ရဲ့နေအိမ်ကို ကြက်၊ ဘဲဝယ်ယူသူတွေ မကြာခဏ လာရောက်လေ့ရှိတယ်ဆိုတဲ့ အချက်ကိုလည်း လေ့လာမိခဲ့ကြပါတယ်။
ဒီအချိန်အထိ ရဲတပ်ဖွဲ့က ကွင်အပေါ် သံသယ တစုံတရာမဖြစ်ခဲ့ပေမယ့် သူ့အိမ်ကိုတော့ ၂၄ နာရီ စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူ့ကို ခေါ်ယူစစ်ဆေးဖို့ ကြိုစားခဲ့ပါတယ်။ ကားလမ်းမတနေရာမှာ BMW ကားပေါ်က ကွင်ကို ရဲတပ်ဖွဲ့ တားဆီးခဲ့ပေမယ့် ကွင်ကမရပ်ပေးဘဲ ကားကိုမောင်းပြေးခဲ့ တာကြောင့် သူ့ကိုလွှတ်ပေးလိုက်ရပါတယ်။ ဒါပေမယ့် အိမ်ကိုပါစောင့်ကြည့်နေတယ်ဆိုတာ မသိခဲ့တဲ့ကွင်ဟာ သူ့အိမ်ကို အေးအေးဆေးဆေး ပြန်လာခဲ့စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကွင်နဲ့ သူ့အိမ်ကိုစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး လိုင်စင်မဲ့ဆိုင်ကယ်နဲ့ ပျောက်နေတဲ့ ကြက်တွေ ဘဲတွေကို သူ့ခြံထဲမှာ တွေ့ရှိခဲ့ရပါတယ်။
စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ချိန်မှာတော့ ကွင်ဟာ ဆီစားလွန်းတဲ့ BMW ကားကြီးအတွက် ဂက်စ်ဖိုးမတတ်နိုင်တော့တာကြောင့် ကြက်တွေ၊ ဘဲတွေ လိုက်ခိုးနေရတယ်လို့ ဝန်ခံပါတယ်။
အဲဒါကြောင့် သူ့ကို ရဲတပ်ဖွဲ့က ခိုးမှုနဲ့ဆွဲချက်တင်ထားပြီး ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဒေါ်လာ ၃၀၀၀၀၀ နီးပါးတန်ကားအတွက် ဂက်စ်ဖိုးမတတ်နိုင်လို့ ကြက်တွေ၊ ဘဲတွေလိုက်ခိုးခဲ့တဲ့ သူဌေးတဦးရဲ့ဖြစ်ရပ်ဟာ တရုတ်လူမူကွန်ရက်အသုံးပြုတွေကြားမှာ အထူးပင် ပြောစရာဖြစ်လို့နေပါတယ်။
No comments:
Post a Comment