
ထို့ပြင် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂ္လားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ရှိနေသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေရာကွက်မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကာ အလယ်ပိုင်းဒေသများတွင်လည်း မိုးအနည်းငယ်ရရှိနိုင်ကြောင်း၊ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲသည့်အချိန်တွင် အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဖြစ်သဖြင့် မိုးပြန်လျော့နည်းနိုင်ကြောင်း ဒေါက်တာဦးကျော် မိုးဦးက ပြောကြားသည်။မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇွန် ၃၀ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ တိုင်းထွာချက်များအရ ဘင်္ဂ္လားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၃ ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ယင်းအပြင် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။
No comments:
Post a Comment