
ထိုစဉ် ဇွန် ၂၉ ရက်က တရုတ်သမ္မတရှီကျင်ပင်းနှင့် အမေရိကန် သမ္မတဒေါ်နယ်ထရန့်တို့သည် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ကျင်းပသော ဂျီ ၂၀ ထိပ်သီး၏ ဘေးဆွယ်အဖြစ် တွေ့ဆုံခဲ့ကြပြီးနောက် ကုန်သွယ်ရေးစစ်ပြေငြိမ်းရေးနှင့် နှစ်နိုင်ငံကြားမှစေ့စပ်ဆွေးနွေးမှုများ ပြန်လည်စတင်ရေးတို့အတွက် သဘောတူညီခဲ့ကြရာ သိသာသောတိုးတက်မှုများရှိလာသည့် လက္ခဏာဖြစ်ခဲ့သည်။
သို့သော် တရုတ်အစိုးရပိုင် China Daily သတင်းစာထဲတွင် နှစ်နိုင်ငံကြား၌ သဘောတူညီချက်တစ်ခုရရှိရန် ဖြစ်နိုင်ခြေများနေဖွယ်ရှိသော်လည်း ရမည်ဆိုသည့် အာမခံမရှိသည့်အကြောင်း သတိပေးထားသည်။ တရုတ်အစိုးရသည် ゞင်းတို့သဘောထားအား ကမ္ဘာသို့ သိစေရန် အင်္ဂ္လိပ်ဘာသာဖြင့် ရေးသားထုတ်ဝေသည့် China Daily နေ့စဉ်သတင်းစာကို ရံဖန်ရံခါ အသုံးချလေ့ရှိသည်။
“အမေရိကန်အစိုးရဟာ စေ့စပ်ညှိနှိုင်းဖို့ လမ်းကြောင်းပွင့်စေရေးအတွက် တရုတ်ကုန်တွေအပေါ် အခွန်တွေ ထပ်မတိုးတော့ဖို့ သဘောတူညီခဲ့တယ်။ ထရန့်ကလည်း စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့အထိ Huawei နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဆိုင်းငံ့ထားမယ်လို့ အရိပ်အမြွက်ပြောခဲ့တယ်။ ဒါပေမဲ့ မဖြေရှင်းရသေးတဲ့ ကိစ္စတွေ အများကြီးရှိနေသေးတယ်” ဟု ဇွန် ၂၉ ရက်က China Daily ၏ အယ်ဒီတာ့အာဘော်ကဏ္ဍဍတွင် ဖော်ပြခဲ့သည်။
ဂျီ ၂၀ သို့ တက်ရောက်သည့် တရုတ်အစိုးရအဖွဲ့ ပေကျင်းသို့ ပြန်ရောက်လာပြီးနောက် ထိပ်တန်းအစိုးရအရာရှိဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံ ဝမ်ယီက ထုတ်ပြန်ခဲ့သည့် ရှည်လျားလှသော ထုတ်ပြန်ချက်ထဲ၌မူ ရှီ-ထရန့် တွေ့ဆုံမှု သည် ကမ္ဘာတစ်ဝန်းသို့ အပြုသဘောဆောင်သည့် သင်္ကတေကို ပြခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အချင်းချင်း အပြန်အလှန် လေးစားမှုဖြင့် နောက်ဆုံးတွင် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်းလည်း ဝမ်ယီက ပြောကြားခဲ့သည်။
“ကျွန်တော့်အတွက်တော့ ဆွေးနွေးမှုရဲ့ တကယ်အနှစ်သာရဟာ အမြန်နှုန်းထက် ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော် အလျင်မလိုနေပါဘူး။ ဒါပေမဲ့ အခြေအနေတွေကြည့်ရတာ အရမ်းကောင်းနေပုံပါပဲ” ဟု ထရန့်က Twitter ပေါ်တွင် ရေးသားခဲ့သည်။
တရုတ်သည် အမေရိကန်လယ်သမားများထံမှ စိုက်ပျိုးရေးထုတ်ကုန်အများအပြားကို ဝယ်ယူရန် သဘောတူခဲ့သည်ဟုလည်း ထရန့်က ဇွန် ၃၀ ရက်တွင် Twitter ၌ ထပ်မံရေးသားခဲ့ပြီး “ကျွန်တော် မနေ့က တရုတ်သမ္မတရှီနဲ့ တွေ့ဆုံမှုဟာ ကောင်းမွန်ခဲ့ပါတယ်။ မျှော်လင့်ထားတာထက် ပိုခဲ့ပါတယ်” ဟု ဆိုသည်။
No comments:
Post a Comment