ဒါ့အပြင် မချမ်းဘော့-ဖရုခု-ရပ်ဘော့ ကားလမ်း၊ ရပ်ဘော့-ပန်နန်းဒင်-ဒဇွန်ဒမ်းလမ်း၊ ရပ်ဘော့-ပန်နန်းဒင်-ဒဇွန်ဒမ်းမြေသားလမ်းတွေမှာလည်း ရေကျော်ပြီး မြေပြိုကျခဲ့လို့ လမ်းဦးစီးဌာနက စက်ယန္တရားတွေနဲ့ ရှင်းလင်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ ဇူလိုင် ၉ ရက်က မိုးရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာတာလို့ အိမ်ထောင်စုပေါင်း ၁၅၀ နီးပါး လူဦးရေ ၇၀၀ လောက်ကို ရေလွတ်ရာတွေဆီ ပြောင်းရွှေ့ထားရပါတယ်။
အလားတူ ရခိုင်ပြည်နယ်မှာလည်း ဇူလိုင် ၈ ရက်က မိုးရွာသွန်းမှုကြောင့် မြောက်ဦးတပ်နယ်ဝင်းအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုက်ကရိုဝေ့မြေအောက် ဖိုက်ဘာ ကေဘယ်ကြိုး ပြတ်တောက်သွားခဲ့ပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာတော့ မိုးရွာသွန်းတာကြောင့် သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း ပြိုကျပျက်စီးခဲ့တယ်လို့ သဘာဝဘေးစီမံခန့်ခွဲမှုဌာနသတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဇူလိုင်လ ၉ ရက်နေ့က မိုးရွာသွန်းလို့ ပိန်းဇလုပ်မြို့ရှိ မြို့မ ၁ ရပ်ကွက်ပါ ၂ ရပ်ကွက်၊ ခင်ကန့်လန့် ကျေးရွာပါ ၂ ရွာတို့မှာ ကျောင်းဝင်းထဲကို ရေတွေဝင်ရောက်နေလို့ စာသင် ကျောင်း ၆ ကျောင်း ယာယီ ပိတ်ထားရပါတယ်။
အလားတူ မကွေးတိုင်းဒေသကြီးမှာလည်း ချောင်းရေတိုက်စားလို့ ဆင်ပေါင်ဝဲမြို့နယ်ရှိ ထောက်မကျေးရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံး၊ ထောက်မကနေ ဂွေးချိုကျေးရွာ ကိုဆက်သွယ်ထားတဲ့ အရှည် ၁၂၀၊ အကျယ် ၁၀ ပေခန့်ရှိ သံကူကွန်ကရစ် အမျိုးအစား အင်းကြင်းတောင်ချောင်းကူးတံတား ၁ စင်း ရေထဲမျောပါ ပျက်စီးခဲ့ပါတယ်။
No comments:
Post a Comment