
“အကြမ်းဖက်မှုရဲ့ သရဲဘောကြောင်လုပ်ရပ်ဟာ သီရိလင်္ကာရဲ့ စိတ်ဓာတ်ကို မချိုးနှိမ်နိုင်ပါဘူး။ အိန္ဒိယဟာ သီရိလင်္ကာပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေပါတယ်” ဟုလည်း မိုဒီက ဖြည့်စွက်ရေးသားခဲ့သည်။
မိုဒီသည် မော်လ်ဒိုက်နိုင်ငံသို့ တရားဝင် နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ပြီး အပြန်တွင် အိမ်နီးချင်း သီရိလင်္ကာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မော်လ်ဒိုက်နိုင်ငံတွင်မူ မိုဒီသည် ကမ်းရိုးတန်းသုံးရေဒါစနစ်တစ်ခုနှင့် စစ်တပ်လေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။
မဟာဗျူဟာအရ အရေးပါသော ထိုနိုင်ငံများသို့ တရုတ်လွှမ်းမိုးမှုမှာ ကြီးထွားလာစဉ် အိမ်နီးချင်းနှစ်နိုင်ငံသို့ မိုဒီ၏ ယခုသွားရောက်မှုသည် တိုတောင်းသော်လည်း နိုင်ငံရေးအရ ထင်ရှားမှုရှိသော ခရီးစဉ်များဖြစ်သည်။
အိန္ဒိယတိုက်ငယ်၏ တောင်ပိုင်းရှိ သေးငယ်သော သန္တာကျောက်ကျွန်းစု ၁၀ဝ၀ ကျော်နှင့် ဖွဲ့စည်းထားသည့် မော်လ်ဒိုက်နိုင်ငံသည် ကမ္ဘာပေါ်တွင် အစည်ကားဆုံး အရှေ့- အနောက် ရေလမ်းကြောင်းပေါ်တွင် ခွလျက် တည်ရှိနေသည်။ သီရိလင်္ကာကျွန်းနိုင်ငံမှာလည်း အဆိုပါ ရေလမ်းကြောင်း၏ အလယ်ပိုင်းတွင် တည်ရှိခြင်းဖြစ်သည်။
အိန္ဒိယသည် သီရိလင်္ကာနှင့် မော်လ်ဒိုက် နှစ်နိုင်ငံလုံး၏ ကာလရှည်ကြာ မဟာမိတ်ဖြစ်သည်။ သို့သော် မော်လ်ဒိုက်၏ ယခင်အာဏာရှင်ခေါင်းဆောင် အဗ္ဗဒူလာယာမင် ၏ အစိုးရအဖွဲ့၊ သီရိလင်္ကာ၏ အာဏာရှင်ခေါင်းဆောင် မဟင်ဒါရာဂျက်ပက်ဆာ၏ အစိုးရအဖွဲ့တို့သည် နိုင်ငံရေးနှင့် ဘဏ္ဍဍာရေး ထောက်ပံ့မှုများရရှိရန် တရုတ်ဘက်သို့ ယိမ်းခဲ့ကြသည်ကို အိန္ဒိယမှာ စိတ်မသက်မသာနှင့် ကြည့်နေခဲ့ရခြင်းဖြစ်သည်။ သို့သော်လက်ရှိတွင် နှစ်နိုင်ငံလုံး၌ ထိုအာဏာရှင်အစိုးရအဖွဲ့များ ပြုတ်ကျသွားပြီး အိန္ဒိယလိုလားသည့် အစိုးရအဖွဲ့သစ်များ တက်လာခဲ့ကြသည်။
သီရိလင်္ကာမြို့တော်ထဲတွင် တည်ရှိသည့် ဒေါ်လာသန်း ၅၀ဝ တန်ဖိုးရှိ တရုတ်ကဦးစီးလုပ်ဆောင်နေသော အငြင်းပွားဖွယ် စီမံကိန်းကြီး၏နံဘေးတွင် အိန္ဒိယ၊ ဂျပန်တို့နှင့် မဟာမိတ်ဖွဲ့ပြီး ရေနက်ကွန်တိန်နာ ဆိပ်ကမ်းတစ်ခု တည်ဆောက်မည်ဟု သီရိလင်္ကာအစိုးရက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။
No comments:
Post a Comment