
ပန်းတိုင်းခြုံကျေးရွာ၏ ရေလိုအပ်မှုကြောင့် ယခုနှစ် နွေကာလအတွင်း ဇွန် ၉ ရက်နေ့ ရေလှူဒါန်းခြင်းအပါအဝင် ရှစ်ကြိမ်မြောက် လှူဒါန်းပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်များတွင်လည်း နွေကာလတွင် ရေလှူဒါန်းပေးခဲ့ရကြောင်း သိရသည်။
“လက်ရှိကတော ကန်ရေခန်းသွားပြီ။ သောက်ရေအတွက် မြေသားကန်ကနေ လုံးဝမရတော့ဘူး။ ရွာစက်တွင်းကိုပဲ သွားခပ်သယ်ရတယ်။ ရေတစ်ပုံး ၁၀ ကျပ်နဲ့ ဝယ်သုံးရတယ်။ ရေရဖို့ မနက်အစောကတည်းက ရေစက်သွားတန်းစီရတယ်။ နောက်ကျရင် ရေကမရဘူး။ ရေစက်ကလည်း ရေသိပ်မထွက်ဘူး။ တစ်နာရီမောင်းပြီးရင် တစ်နာရီပြန်နားရတယ်။ ရေစက်က ရေမရတဲ့သူတွေက သုံးဘီးတို့ ထော်လာဂျီတို့နဲ့ လာရောင်းတဲ့ရေ ဝယ်သုံးရတယ်။ အရင်နှစ်တွေကတော့ ဒီအချိန်ကန်ရေရပြီ။ ဒီနှစ်ကတော့ မိုးကိုမရွာသေးတာ” ဟု ပန်းတိုင်းခြုံကျေးရွာမှ ဒေါ်လေးဆွေက ပြောသည်။
ကျေးရွာသောက်ရေကန်မှာ ပြီးခဲ့သည့် ဧပြီလဆန်းမှစ၍ ခန်းခြောက်သွားသည့်အတွက် ကျေးရွာရှိ လူဦးရေ ၃၀ဝ၀ ကျော်မှာ စိမ့်တွင်းရေကိုသာ အားထားသုံးစွဲရပြီး အချို့သောရက်များတွင် ရေငါးဂါလန်တစ်ပုံးလျှင် ကျပ် ၁၀ဝ ဖြင့် နေ့စဉ် ငါးပုံးမှ ၁၀ ပုံးထိ ဝယ်ယူသုံးစွဲရကြောင်း သိရသည်။
ကန်ရေခန်းခြောက်မှုကြောင့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေသည့် ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာသို့ ရေလှူဒါန်းခြင်းနှင့် အခြားရေရှားပါးသော ကျေးရွာများ ရေလှူဒါန်းရန် ဦးသန်းဆွေတင် + ဒေါ်တင်တင်ခိုင်က ၇၀ဝ၀ဝ ကျပ်၊ ဦးအောင်ဖေ+ ဒေါ်တင်လှိုင်က ၃၅၀ဝ၀ ကျပ်၊ ကိုအောင်သိန်း + မချောစုလွင်က ၇၀ဝ၀ဝ ကျပ်အား Eleven Media Group ရေလှူဒါန်းမှုအစီအစဉ်တွင် ထည့်ဝင်လှူဒါန်းခဲ့သည်။
Eleven Media Group မှ ရေလှူဒါန်းပေးနေသည့် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာများမှာ မိုးရွာသွန်းမှုကြောင့် ကန်ရေရရှိပြီဖြစ်သော်လည်း ပခုက္ကူခရိုင်တွင်း ဒေသများမှာ မိုးကောင်းစွာ မရရှိသည့်အတွက် ကန်ရေမရရှိသေးဘဲ ရေလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
ယခုဇွန်လဆန်းပိုင်းရောက်သည်ထိ ပခုက္ကူခရိုင်တွင်း ဒေသအများစုတွင် မိုးရွာသွန်းမှု နည်းပါးသည့်အတွက် ရေအခက်အခဲ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ပြီး Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ကျေးရွာများအပြင် စာသင်ကျောင်းများကိုလည်း ရေလှူဒါန်းပေးနေရသည်။
ညောင်ဦးနှင့် ပခုက္ကူခရိုင်အတွင်း သောက်သုံးရေရှားပါးသည့် ကျေးရွာများအား အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ဖေဖော်ဝါရီလကုန်ပိုင်းမှ ယခုမေလကုန်ပိုင်းထိ ရေဂါလန် သုံးသိန်းကျော် လှူဒါန်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလထိ ရေဂါလန်သုံးသန်းကျော် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment