
ဤတွင် အသက်(၅၅)နှစ်ခန့် အမည်မသိအမျိုးသမီးတစ်ဦး ယာနားနောက် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် မှောက်လျက်သေဆုံး နေသည်ကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် သေသူ၏အလောင်းအား မှော်ဘီဆေးရုံသို့ပို့အပ်ပြီး သေသူမည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်းနေစဉ် တိုက်ကြီး မြို့နယ်၊ မေတ္တာအေးကျေးရွာနေ ဒေါ်------ ရောက်ရှိလာပြီး သေဆုံးသူမှာ ၎င်း၏မိခင် ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး ဖြစ်ကြောင်းနှင့် ၎င်း၏မိခင်အား သေဆုံးအောင်ပြုလုပ်သူကို အရေးယူပေးရန် တိုင်တန်းခဲ့သည်။
အမှုမှ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်၍ အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းပြီး အထူးအမှုစစ်အဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်အား အသေးစိတ် စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်သက်သေများအား စုံစမ်းမေးမြန်း ထောက်လှမ်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထိုသို့စုံစမ်းရာတွင် အခင်းဖြစ် နေ့က သေသူဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး အား မှော်ဘီမြို့၌ မိုးဟိန်း၏ ဆိုင်ကယ်နှင့်အတူ နောက်ဆုံးတွေ့ခဲ့ကြောင်းနှင့် ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး ၏ မတ်တော်သူ ကျင်ရွှေက ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး ကို သတ်ပေးရန် မိုးဟိန်း အား ပြောဆိုခဲ့ဖူးကြောင်း သတင်း ရရှိခဲ့သည်။
ရရှိသည့် သတင်းအပေါ် အတည်ပြုပြီးနောက် မသင်္ကာသူများဖြစ်သည့် မိုးဟိန်း၊ (၃၃)နှစ်၊ (ဘ)ဦးစံသောင်းနှင့် ကျင်ရွှေ(ခ) ချာတိတ်(၅၉)နှစ်၊ (ဘ)ဦးသောင်းတို့ကို ၁၅-၅-၂၀၁၉ ရက်နေ့တွင် အမှုဖြင့် ဖမ်းဆီးပြီး တရားရုံးချုပ်မိန့်ရီမာန်ရယူ စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မိုးဟိန်းက ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး အား မှော်ဘီမြို့မှ ဆိုင်ကယ်ဖြင့် အခင်းဖြစ်နေရာသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ရဲလင်းနှင့် ထွန်းနိုင်တို့က ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာပြီး ရဲလင်းက အသင့်ပါလာသည့် သံချွန်တပ်ထားသော သံတုတ်ဖြင့် နှစ်ချက်ရိုက်၍ ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး လဲကျသေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ရဲလင်းနှင့် ထွန်းနိုင်(ခ) စောထွန်းနိုင် တို့အား မေလ(၁၇)ရက်နေ့တွင် ၎င်းတို့နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ မိုးဟိန်းအပါအ၀င် (၄)ဦး၏ ထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း ဆိုင်ကယ်၊ သံတုတ် တို့အားလည်း သိမ်းဆည်းရရှိပြီးဖြစ်၍ အမှုခိုင်မာစွာ တည်ဆောက်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။
No comments:
Post a Comment