တရုတ်နိုင်ငံတွင်းဝင်ရောက်လုပ်ကိုင်နေသည့် ပြည်ပကုမ္ပဏီအများအပြားသည် ၎င်းတို့ပိုင် နည်းပညာများကိုတွဲဖက်လုပ်ကိုင်သည့် တရုတ်ကုမ္ပဏီများထံလွှဲပြောင်းပေးရန် ဖိအားပေးခံနေရသည်ဟုခံစားနေကြရကြောင်းလေ့လာမှုစစ်တမ်းတစ်ရပ်က ဆိုသည်။ ထိုသို့ ခံစားနေရသည့် ကုမ္ပဏီပမာဏသည် လွန်ခဲ့သော နှစ်နှစ်ကနှင့်ယှဉ်လျှင် နှစ်ဆပိုများလာကြောင်း စစ်တမ်းကဖော်ပြသည်။
နည်းပညာလွှဲပြောင်းပေးရန် ဖိအားပေးမှုများရှိနေခြင်းသည် လွတ်လပ်မျှတသောဈေးကွက်ထူထောင်ရေးတရုတ်အစိုးရ ကတိကဝတ်များကိုလည်း ချိုးဖောက်ရာရောက်နေသည်ဟုစစ်တမ်းပြုစုခဲ့သည့် တရုတ်နိုင်ငံဆိုင်ရာဥရောပကုန်သွယ်ရေးအဖွဲ့ကဆိုသည်။
တရုတ်ပြည်တွင်းဈေးကွက်ကိုလိုချင်လျှင် နည်းပညာလွှဲပြောင်းပေးရမည်ဟူသောဖိအားပေးမှုမျိုးခံစားနေရကြောင်းတရုတ်ပြည်တွင်းဝင်ရောက်လုပ်ကိုင်နေသည့် ပြည်ပကုမ္ပဏီ ၂၀ ရာခိုင်နှုန်းကယခုနှစ် ဇန်နဝါရီတွင် ကောက်ယူသောစစ်တမ်း၌ သဘောထားဖော်ပြခဲ့သည်။
၂၀၁၇ ခုနှစ်က ၁၀ ရာခိုင်နှုန်းသာရှိခဲ့ရာမှ တက်လာခြင်းဖြစ်သည်။နည်းပညာလွှဲပြောင်းပေးရန် ဖိအားခံစားနေရမှုသည် လုပ်ငန်းကဏ္ဍအလိုက်လည်းကွဲပြားမှုရှိနေသည်။
ရေနံနှင့် ဓာတုဗေဒလုပ်ငန်းများဘက်တွင် ပြည်ပကုမ္ပဏီ၃၀ ရာခိုင်နှုန်းထိ ထိုသို့ ခံစားနေရပြီး၊ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာလုပ်ငန်းဘက်တွင် ၂၈ ရာခိုင်နှုန်း၊ ဆေးဝါးထုတ်လုပ်ရေးဘက်တွင် ၂၇ ရာခိုင်နှုန်း၊ မော်တော်ယာဉ်လုပ်ငန်းဘက်တွင် ၂၁ ရာခိုင်နှုန်းတို့ဖြစ်သည်။
စစ်တမ်းဖြေဆိုသည့် ကုမ္ပဏီများအနက် ၂၅ ရာခိုင်နှုန်းကလည်းစစ်တမ်းကာလအတွင်းမှာပင် နည်းပညာလွှဲပြောင်းပေးရမှုများရှိနေကြောင်းထုတ်ဖော်ပြောကြားထားကြသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်ကုန်စည်များအပေါ် အခွန်တိုးကောက်မှုသည် တရုတ်က ပြည်ပကုမ္ပဏီများကို ဖိအားပေးကာနည်းပညာမူပိုင်ခွင့်များရယူခဲ့မှုနှင့်လည်းဆက်စပ်လျက်ရှိနေသည်။
No comments:
Post a Comment