
ခါဘစ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာက အမေရိကန်နိုင်ငံ လတ်စ်ဗေးဂတ်စ်မြို့၌ ကျင်းပသည့် UFC 229 ပြိုင်ပွဲတွင် နာမည်ကြီး အိုင်ယာလန်ကစားသမား မက်ဂရီဂေါ်ကို လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရကာ ချန်ပီယံခါးပတ်ကာကွယ် နိုင်ခဲ့ပြီးနောက် ရုရှားသမ္မတပူတင် နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံစဉ် ခါဘစ်က ဒေဂက်စ်တန် ဒေသ၏ ပညာရေးစနစ်တိုးတက်လာစေရန်အတွက် ရန်ပုံငွေပိုမိုသုံးစွဲ ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း ၎င်း၏ဖခင်ဖြစ်သူ အဗ္ဗဒူလ်မာနက်က ပြောကြားခဲ့သည်။
" ခါဘစ်ရဲ့တောင်းဆိုမှုကြောင့် ဗလာဒီမာပူတင်က ဒေဂက်စ်တန်ဒေသမှာ ခါဘစ်နာမာဂိုမီ ဒေါ့ဗ်ရဲ့နာမည်နဲ့ စာသင်ကျောင်း ဆောက်လုပ်ဖို့ ရူဘယ်လ်သန်း ၆၀၀ (ပေါင် ၇ ဒသမ ၃ သန်း) ခွင့်ပြုကြောင်း လက်မှတ်ရေး ထိုးပေးလိုက်ပါပြီ။ အဲဒီငွေကို ရည်ရွယ်ထားတဲ့နေရာတွေအတွက် အသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပညာရေးကို ကောင်းကောင်းသင်ယူခွင့်ရရင် အကျိုးရလဒ်တွေကလည်း ပိုကောင်းလာမှာ ပါ" ဟု အဗ္ဗ ဒူလ်မာနက်က Teacher သတင်းစာသို့ ပြောကြားခဲ့သည်။
ခါဘစ်သည် မက်ဂရီဂေါ်နှင့် ပွဲအပြီးတွင် ရန်ပွဲဖြစ်ပွားမှုကြောင့် ဒဏ်ကြေးဒေါ်လာငါးသိန်း (ပေါင် ၃၈၀၀၀၀) နှင့် ကိုးလပွဲပယ်ပြစ် ဒဏ်ချမှတ်ခံရပြီး ယင်းပွဲနောက်ပိုင်း ပထမဆုံးအဖြစ် စက်တင်ဘာ ၇ ရက် တွင် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ ၌ အမေရိကန်ကစားသမား ဒပ်စတင် ပွိုင်ရီယာနှင့် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ ခါဘစ်က ရန်ပွဲအတွက် နောင်တမရ သလို ၎င်းမှာ မကျေပွဲပြန်လည်ထိုးသတ်ရန် ထိုက်တန်မှုမရှိကြောင်း ပြောကြားထားသည်။ " နာင်တမရပါဘူး။ အခွင့်အရေးတစ်ကြိမ်ရသေးရင် နောက်တစ်ကြိမ်ထပ်လုပ်ဦးမှာပါ။ အကြိမ် ၁၀၀ လည်းဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။
No comments:
Post a Comment